ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောခရီးစဉ်များ ခေါက်ရေတိုးပြေးဆွဲ ပို့ဆောင်

ရန်ကုန် ဇွန် ၈

စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဝင်ထွက်သွားလာရာတွင် အဓိက ဝင်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌     ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင်  တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူ များ၊ လုပ်သားပြည်သူများစွာတို့ကို မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ အဆိုပါ သင်္ဘောဆိပ်ကမ်း၌  ရေယာဉ်ခရီးစဉ်များကို ယမန်နေ့မှစတင်၍ ခေါက်ရေတိုးပြီး ပြည်သူများ သွားလာရေး အဆင်ပြေ ချောမွေ့စေရေးအတွက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ပြေးဆွဲပို့ဆောင်ပေးရာတွင် (ပန်းဆိုးတန်း-ဒလ) သင်္ဘောခရီးစဉ်များ အနေဖြင့် ရုံးဖွင့်ရက်များတွင် အသွား ၃၆ ခေါက်၊  အပြန် ၃၆ ခေါက်နှုန်းဖြင့်  လည်းကောင်း၊ ရုံးပိတ်ရက်များတွင် အသွား ၃၀ ခေါက်၊  အပြန် ၃၀ ခေါက်နှုန်းဖြင့် လည်းကောင်း၊   ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန်  နံနက် ၅ နာရီခွဲမှ  ည ၈ နာရီအထိနှင့် ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီမှ စတင်၍ ည ၈ နာရီခွဲအထိလည်းကောင်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရေး အတွက် သင်္ဘောရေယာဉ်ခရီးစဉ်များကို ပြောင်းလဲသတ်မှတ်၍ ခေါက်ရေတိုး ပြေးဆွဲပေးခြင်းဖြစ်ကြောင်း  ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) သိရသည်။

အဆိုပါ သင်္ဘောဆိပ်ကမ်းတွင်  ခရီးသည်သွားလာမှုအနေဖြင့် ဇွန်လ ၁ ရက်တွင်  ခရီးသည် ၁၀၀၀၀ ဦး ၊ ဇွန် ၂ ရက်တွင်  ခရီးသည် ၁၀၂၀၀ဦး ၊ ဇွန်  ၃ ရက်တွင်  ၁၀၃၀၀ ဦး ၊ ဇွန် ၄ ရက်တွင်  ခရီးသည် ၁၀၃၉၀ ဦး၊ ဇွန်  ၅ ရက်တွင်  ခရီးသည် ၆၅၀၀ ဦး၊ ဇွန် ၆ ရက်တွင် ခရီးသည် ၆၆၈၀ ဦး၊ ဇွန် ၇ ရက်တွင် ခရီးသည် ၁၀၅၄၀ ဦးတို့ကို သယ်ယူပို့ဆောင် ပေးနိုင်ခဲ့ပြီး ခရီးသည်များ အေးအေးချမ်းချမ်းဖြင့်  ပုံမှန်ကူးသန်းသွားလာလျက်ရှိကြောင်း ရန်ကုန် (ပန်းဆိုးတန်းဆိပ်ကမ်း) မန်နေဂျာရုံးမှ သိရသည်။

နိုင်လင်းကျော်(IPRD)