မိုးကောင်း ဇွန် ၈
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်လတာဖွင့်လှစ်သင်ကြားခဲ့သော အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယနေ့နေ့လယ်(၁၁)နာရီတွင် အဆိုပါဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးလင်းက သင်တန်းနှင့် ပတ်သက်၍ ပြောကြားသည်။
ဆက်လက်၍ မိုးညှင်းခရိုင် ကျေးလက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းထိုက်နှင့်အတူ တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပြီး နန့်ဟိုင်ကျေးရွာအုပ်စု နန့်လိုင်ကျေးရွာမှ သင်တန်းသူ မသွယ်သွယ်အေးအား အကောင်းဆုံး ထူးချွန်ဆုအဖြစ် အပ်ချုပ်စက်တစ်စုံ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် သင်တန်းနည်းပြများကို အမှတ်တရလက်ဆောင်ပေးအပ်ပြီး သင်တန်းသူ များ လက်တွေ့ချုပ်လုပ်ထားရှိမှုများအား တက်ရောက်လာသူများက ကြည့်ရှုအားခဲ့ ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)