နောင်တရား ဇွန်လ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန်းပြင် ကျေးရွာအုပ်စု၊ နောင်ကားမီးဘုန်းတော်ကြီးကျောင်း၌ အစားထိုးဖွံ့ဖြိုးရေးကျေးရွာအုပ်စုများ အတွက် အစေ့ထုတ်ပြောင်းမျိုးများကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း အစားထိုးဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် လွယ်မော ကျေးရွာအုပ်စု၊ မွေးပြင်ကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စုနှင့် ပင်ခင်ကျေးရွာအုပ်စုအတွင်း စိုက်ပျိုးရေးတောင်သူများ တစ်နှစ်လျှင် ကျပ်သိန်း လေးဆယ်ရရှိရေး ရည်ရွယ်ချက်ဖြင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ထိုင်းနိုင်ငံ မယ့်ဖားလုံဖောင်ဒေးရှင်းနှင့် စီပီ အစေ့ထုတ်ပြောင်းကုမ္ပဏီပူးပေါင်း၍ ပြောင်းစိုက်တောင်သူများကို စိုက်ပျိုးရေးနည်းပညာ များပေးခြင်း၊ စီပီအစေ့ထုတ်ပြောင်းမျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေးများကို အတိုးမဲ့စနစ်ဖြင့် ကူညီပေးခြင်း ဆောင်ရွက်လျက်ရှိသည်။
အစားထိုးဖွံ့ဖြိုးရေးအတွက် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုကို ၂၀၁၉ ခုနှစ်မှ စတင်ဆောင်ရွက် လျက်ရှိပြီး ၂၀၂၁ခုနှစ်အတွင်းတွင် အစားထိုးလေးအုပ်စုမှ ကျေးရွာ ၃၂ ရွာ၊ အိမ်ထောင်စု (၁၀၂၈)စုသို့ စီပီ(၈၀၈)မျိုးစေ့ပြောင်း(၃၀၅၆)ထုတ်၊ မြေခံဓါတ်မြေဩဇာ(၁၂-၂၄-၂၄) (၃၀၅၆) အိတ်၊ ပုလဲဓါတ်မြေဩဇာ(၄၆-၀-၀) (၃၀၅၆)အိတ်ကို ဖြန့်ဝေခဲ့ကြောင်းသိရသည်။ အဆိုပါ ထွက်ရှိလာသည့်အစေ့ထုတ်ပြောင်းများကို စီပီကုမ္ပဏီမှ ပြန်လည်ဝယ်ယူသွားမည်ဟု သိရ သည်။
နောင်တရား(ပြန်/ဆက်)