ဗန်းမော် ဇွန် ၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သော အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ကချင်ပြည်နယ် ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်ရှိ သိမ်မဟာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဇွန် ၁ ရက်နေ့က စတင်၍ ကျင်းပခဲ့ရာ ဗန်းမော်ခရိုင် အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီမြို့နယ်တို့မှ ပရိယတ္တိစာသင်တိုက်(၁၀)ကျောင်းမှ စာဖြေသံဃာ (၁၁၃)ပါး စာရင်းပေးသွင်းထားရှိပြီး ယနေ့ကြွရောက်ဖြေဆိုလျက်ရှိသည့် ရဟန်းရှင်သာမဏေမှာ အခြေပြု မူလတန်း၌ (၂၃)ပါး၊ ပထမငယ်တန်းတွင် (၂၂)ပါး၊ ပထမလတ်တန်းတွင်(၁၆)ပါး၊ ပထမကြီးတန်းတွင် (၁၇)ပါး၊ စုစုပေါင်းစာဖြေသံဃာ(၇၈)ပါး ကြွရောက်ဖြေဆိုခဲ့ကာ အဆိုပါစာစစ်ဌာနတွင် ဗန်းမော်မြို့နယ်သံဃနာယကဆရာတော်ကြီးနှင့် စာမေးပွဲကြီးကြပ် ဆရာတော်(၁၄)ပါး ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ပါဠိပထမပြန်စာမေးပွဲကို မွန်းတည့် (၁၂)နာရီမှ ညနေ(၃)နာရီအထိ ဇွန်လ(၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဇွန် ၈ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ(၄)နာရီအထိ ရဟန်းသံဃာတော်(၂)ပါးမှ ပါဠိဂုဏ်ထူးကို ကြွရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)