တံတားဦး ဇွန် ၈
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပန်းယျကျေးရွာ ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည် ။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းများစနစ်ကျလုပ်ကိုင်ဆောင်ရွက်ရေး ဆောက်လုပ် သည့် ဘဏ္ဍာနှစ်တွင် အပြီးဆောင်ရွက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ ဆောင်ရွက်ကြရန်လိုကြောင်း မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လမ်းညွှန်မှာကြားပြီး ကမ်းပါးပြိုကာကွယ်ရေး လုပ်ငန်း တည်ဆောက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။တံတားဦးမြို့နယ် အတွင်းရှိ သီးနှံစိုက်ခင်းများ ၊ ကျေးရွာပိုင်မြေများ ၊ လမ်းများနှင့် လူနေအိမ်များပျက်စီးဆုံးရှုံးမှု မှကာကွယ်ရန် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
တံတားဦးမြို့နယ် ပန်းယျကျေးရွာ ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေကျပ်(၁၈၄.၂ )သန်းဖြင့် အလျားပေ(၄၀၀)ရှိ ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းကို PKSY ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး စကားအင်းကျေးရွာ ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေကျပ်(၁၄၄)သန်းဖြင့် သီရိရတနာပိုင်ကုမ္ပဏီတို့က တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)