ညောင်ရွှေ ဇွန် ၈
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ စိုက်ပျိုးကျေးရွာ၌ ယနေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က ဆိုလာပြား မီးအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စိုက်ပျိုးကျေးရွာ၊ ပအိုဝ်းကုန်းအကွက်(၅)၌ နေထိုင်သူ ဦးတင့်၏ နေအိမ်အောက်ထပ်တွင် ဆိုလာပြားမီးအားသွင်းထားရာမှ အပူရှိန်လွန်ကဲပြီး နေအိပ်အောက်ထပ်ရှိ ပြောင်းဖူးရိုးများ စတင်လောင်ကျွမ်းကာ နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ညောင်ရွှေမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဖြိုးမင်း ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးအေးကို ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ အနီးဝန်းကျင်ရှိ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် (၁၁)နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဦးတင့်ပိုင်ဆိုင်သည့် အလျား(၃၀)ပေ၊ အနံ(၂၀)ပေရှိ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း ခြေတံရှည်အိမ် ပျက်စီးဆုံးရှုံးသွားကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း၊ မီးပေါ့ဆစွာအသုံးပြုသူ ဦးတင့်အား ညောင်ရွှေမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
စိုင်းအယ်ဘဲ