လွိုင်လင် ဇွန် ၈
(၁၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ မင်္ဂလာ အနောက်ကျောင်းတိုက်တွင် ယမန်နေ့ မွန်းတည့် (၁၂)နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့ အစိုးရပါဠိပထမပြန်စာဖြေပွဲကို ဇွန်လ ၈ ရက်နေ့တွင် ဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပရာ ပထမကြီးတန်းတွင် (၁၂)ပါး၊ ပထမလတ်တန်းတွင် (၁၁)ပါး၊ ပထမငယ်တန်းတွင် (၂၃)ပါး၊ အခြေပြုမူလတန်းတွင် (၈၀)ပါး စုစုပေါင်း (၁၂၆)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ကြီးကြပ်ဆရာတော်များအဖြစ် နာယကဆရာတော် နိုင်ငံတော်ဩဝါဒစရိယ ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒ (ဓာတ်တော်ကျောင်းတိုက်၊ လွိုင်လင်မြို့) ၊ ဘဒ္ဒန္တ ဝိမလမဉ္ဇူ (မင်္ဂလာ အနောက် ကျောင်းတိုက် ၊လွိုင်လင်မြို့) ၊ ထပ်ဆင့်ကြီးကြပ်ဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့ဝင်ဆရာတော် (၁၉)ပါးတို့ဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။ ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအား အာရုံဆွမ်း၊ နေ့ဆွမ်း၊ ခဲဖွယ်များကို ရပ်နီး/ရပ်ဝေးမှ အလှူရှင်များ၊ မြို့ပေါ်ရှိရပ်ကွက်အသီးသီးမှ အလှူရှင်များက ရပ်ကွက်အလိုက် အလှည့်ကျစီမံချက်ပြုတ် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ (၁၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲကို ဇွန် (၇)ရက်မှ ဇွန်(၁၃)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှူးထံမှ သိရသည်။
မိုးလွင်ဦး(လွိုင်လင်)