ငါန်းဇွန် ဇွန် ၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဝင်းအတွင်းရှိ ရတနဃရ သာသနဗိမာန်၌ ယနေ့ မွန်းတည့် ၁၂နာရီအချိန်က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဂန္တဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တနရပတိနှင့် မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒုတိယနေ့ဖြေဆိုကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ သံဃာတော်များ၊ လူနှင့် သီလရှင်များလာရောက်ဖြေဆိုရာ ပထမကြီးတန်း၌ဖြေဆိုသူ သံဃာတော်(၄)ပါးနှင့် သီလရှင် (၂)ပါး၊ ပထမလတ်တန်း၌ ဖြေဆိုသူ သံဃာတော်(၄)ပါးနှင့် သီလရှင်(၁)ပါး ပထမငယ်တန်း၌ ဖြေဆိုသူ သံဃာတော် (၂၁)ပါးနှင့် အခြေပြုမူလတန်း၌ ဖြေဆိုသူ သံဃာတော်(၁၅)ပါးနှင့် လူ(၃)ဦးတို့သည် ကစ္စည်းသဒ္ဒါကြီး ဘာသာရပ် ဖြေဆိုကြကြောင်း သိရသည်။
ဆက်လက်၍ ပါဠိပထမပြန်စာမေးပွဲကို (၁၃.၆.၂၀၂၁)ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီအထိ ဖြေဆိုသွားမည်ဖြစ်ပြီး ကြီးကြပ်ဆရာတော်ကြီးများ၊ ဖြေဆိုသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်း၊ ကွမ်း ဖူလုံစေရေးနှင့် စာမေးပွဲဖြေဆိုရာတွင် လိုအပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး ဦးစီးအရာရှိ ဦးလှသိန်းနှင့် ဝန်းထမ်းများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)