အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲကျင်းပ

ဆီဆိုင်     ဇွန်   

ကျေးလက်နေပြည်သူများ၏ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုတနိုင်တပိုင်ဝင်ငွေ မြှင့်တင်ရေး၊

ခေတ်မီနည်းပညာများ၊ အသိပညာပြန့်ပွားစေရေး အတွက် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာ အုပ်စု၊ ဘုရားဖြူကျေးရွာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဦးစိုးထက်အောင်က လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်းသင်တန်းပို့ချမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဆပ်ပြာရည်ပြုလုပ်နည်း(၅)မျိုး၊ ဆပ်ပြုခဲပြုလုပ်နည်း(၂)မျိုးနှင့် Hand Gel ပြုလုပ်နည်း(၁)မျိုးတို့ကို ဇွန် ၃ ရက်မှ ၇ ရက်နေ့ထိ (၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ပြန်/ဆက်)