၂၀၂၁ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း အစိုးရ ဓမ္မာစရိယ ပါဠိပထမပြန် စာမေးပွဲလားရှိုးမြို့၌ကျင်းပ

လားရှိုး ဇွန် ၈

လားရှိုးမြို့ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီအချိန်က ၂၀၂၁ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း အစိုးရ ဓမ္မာစရိယ ပါဠိပထမပြန် စာမေးပွဲကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

ပြည်နယ်သာသနာရေးမှူးရုံးခွဲ လားရှိုးက ကြီးမှူးစီစဉ်ဆောင်ရွက်ကျင်းပသော အဆိုပါ အစိုးရ ဓမ္မာစရိယ ပါဠိ ပထမပြန် စာမေးပွဲကျင်းပနေမှုများအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် အဖွဲ့တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ကြည့်ရှုအားပေးကာ စာဖြေ သံဃာတော်များ၊ သီလရှင်ဆရာလေးများအဆင်ပြေစွာ စားမေးပွဲဖြေဆိုနိုင်ရေးအတွက် မတ်တပ်ပန်ကာ (၂)လုံး  ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအနေဖြင့် လားရှိုး၊ ကျောက်မဲ၊ မိုင်းရယ်၊ တန့်ယန်း၊ နောင်ချို၊ သီပေါ၊ မိုးမိတ်၊ နမ့်ခမ်း၊ ဟိုပန် မြို့နယ်(၈)ခုတို့မှ ဓမ္မာစရိယဂုဏ်ထူးတန်း၊ ပထမကြီ၊ ပထမလတ်၊ ပထမငယ်၊ အခြေပြု မူလတန်းဆင့် စာမေးပွဲများကို စုစုပေါင်းသံဃာတော်၊ သီလရှင်ဆရာလေး (၃၂၁) ပါးပါဝင်ဖြေဆိုခဲ့ကြပြီး ဖြေဆိုရာခိုင်နှုန်း (၆၅)ရာခိုင်နှုန်း ပါဝင်ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။

စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စာမေးပွဲဖြေဆိုနေစဉ် သံဃာတော်များ၊ သီလရှင်ဆရာလေးများ အဆင်ဖြေစွာဖြေဆိုနိုင်ရေး အတွက် တွဲဘက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ရပ်ကွက်နေပြည်သူများစုပေါင်း၍ လှူဒါန်းသော အလှူငွေကျပ် (၁၁၆)သိန်းကျော်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လားရှိုးခရိုင် တိုင်းရင်းဆေးဦးစီးဌာနနှင့် လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့မှ စောင့်ရှောက်မှု ပေးလျက်ရှိနေကြောင်း သိရှိရသည်။

ဟန်ဌေး(လားရှိုး)