တောင်ကြီး ဇွန် ၈
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေး နိုင်ရေးအတွက် အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း “ ဟူသော စီမံချက်နှင့် ၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့ကစပြီး တစ်နိုင်ငံလုံးတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း ၊ ပြီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းများ၌ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူများတွေ့ရှိရပြီး နိုင်ငံသားမဟုတ်သူများ ၊ အသက်(၁၈)နှစ် မပြည့်သေးသူများ၊ မဲပေးပိုင်ခွင့်မရှိသူများလဲ ပါဝင်နေပါကြောင်း ၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် မဲပေးနိုင်ရေးကို စီစဉ် ဆောင်ရွက်နေပါကြောင်း၊ “ပန်းခင်း” စီမံချက်ကို တိုင်းဒေသကြီး ပြည်နယ်အလိုက် တစ်နိုင်ငံလုံးတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃) ရက် (၁၈) လကြာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ၊ ယခုလိုဆောင်ရွက်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် ရသည့်အတွက် ပြည်သူများအနေဖြင့် လိုအပ်သော အထောက်အထားများ မှန်ကန်ပြည့်စုံစွာ ဖြည့်တွေးဆောင်ရွက် ပေးကြရန်နှင့် ရရှိပြီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ယနေ့တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပြီးဖြစ်သည့် စုစုပေါင်း နိုင်ငံသား စိစစ်ရေးကတ်ပြား (၆၄၅) ခုနှင့် အိမ်ထောင်စု လူဦးရေစာရင်း (၂၉၀) ခုကို ပေးအပ် သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် နှင့် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ တောင်ကြီးမြို့နယ် ကျောက်တလုံး ကြီးမြို့ ကက္ကူကျေးရွာအုပ်စုမှ ကျေးရွာနေပြည်သူများတို့အား ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်စံတို့မှ အသီးသီးပေးအပ်ကြပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးမှုအား ဒေသခံတစ်ဦးဖြစ်သူ ဒေါ်နှင်းရီထွေးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)