ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောများ ပိုမိုစိုက်ပျိုးလာ

ကျောက်ဆည်     ဇွန်    ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ ကြက်သွန်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ ငှက်ပျော စသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း ယခုအခါ တောင်သူများ အနေဖြင့် ယာမြေများတွင်  ဈေးကွက်ဝင်မည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရသည်။

ယခင်နှစ်များက ကြက်သွန်နှင့်ငရုပ်သီးနှံများ စိုက်ပျိုးရာတွင်  တောင်သူလယ်သမားများအနေဖြင့် အလုပ်သမားရှားပါးခြင်း၊ အလုပ်သမားစရိတ်မြင့်မားခြင်းတို့ကြောင့် တောင်သူများအနေဖြင့် အရှုံးနှင့်သာကြုံတွေ့ရသောကြောင့်  ယခုအခါ စီးပွားရေး တွက်ခြေကိုက်မည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း ငှက်ပျောစိုက် တောင်သူများ ထံမှ သိရှိရပြီး ငှက်ပျောစိုက်ရာတွင် တစ်ပင်တန်းနှင့် နှစ်ပင်တန်း(စွယ်စုံ) ဟူ၍  အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ တစ်ပင်တန်းစိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၈)ပေအကွာ စိုက်ပျိုးကြပြီး၊ နှစ်ပင်တန်း(စွယ်စုံ) စိုက်ပျိုးမည်ဆိုပါက (၁၀)ပေခန့်အကွာ စိုက်ပျိုးကြကြောင်း သိရသည်။

ငှက်ပျောသီးနှံသည် စိုက်ပျိုးပြီး(၈)လအကြာတွင် အဖူးများထွက်ရှိပြီး (၁၂)အကြာတွင် စတင် ခုတ်ရောင်းရကြောင်း နှစ်ပင်တန်း(စွယ်စုံ) ငှက်ပျောတစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်ရေ (၈၀၀)ခန့်ဝင်ဆန့်ကြောင်း၊ ကုန်ကျမှုအနေဖြင့် ထယ်စရိတ်၊ ထွန်စရိတ်၊ မျိုးဖိုးနှင့် စိုက်စရိတ်အပါအဝင် ရေတင်ခြင်း၊ မြေဩဇာအသုံးပြုခြင်း၊ ပင်စည်ခုတ်လှဲ ရှင်းလင်းခြင်းများ အပါအဝင် စုစုပေါင်း ငွေကျပ်(၇)သိန်း ကျော်(၈)သိန်းနီးပါး ကုန်ကျကြောင်း၊ ရောင်းချရမှု အနေဖြင့် ငှက်ပျောတစ်ခိုင် အဖီး(၆)ဖီး သတ်မှတ်ကာ  ငှက်ပျောအခိုင်(၄၀)ပါ နွားလှည်း တစ်စီးအား ငွေကျပ်(၁)သိန်းခွဲဈေး ရောင်းချရကြောင်း၊ ငှက်ပျော တစ်ဧက စိုက်ပျိုးထားပါက ပျမ်းမျှ လှည်းအစီးရေ (၁၃/၁၄)စီး ရောင်းချရကြောင်း ကျောက်ဆည်မြို့နယ်၊ ဆည်ကုန်းကျေးရွာမှ တောင်သူဦးလှမျိုးက ပြောသည်။

သက်မောင်(ကျောက်ဆည်)