မိုးနဲမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့စတင်ဖြေဆို

မိုးနဲ ဇွန် ၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ စာစစ်ဌာန၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မိုးနဲမြို့နယ်၊ လင်းခေးမြို့နယ်၊ မောက်မယ်မြို့နယ်နှင့် မိုင်းပန်မြို့နယ်များရှိ ပရိယတ္တိစာသင်တိုက်ကျောင်းများမှ စာဖြေသံဃာ(၉၆)ပါး စာရင်းပေးသွင်းထားရှိပြီး ယနေ့ကြွရောက် ဖြေဆိုလျက်ရှိသည့် ရဟန်းရှင်သာမဏေမှာ အခြေပြု မူလတန်း၌ (၄)ပါး၊ ပထမငယ်တန်းတွင် (၁၀)ပါး၊ ပထမလတ်တန်းတွင် (၉) ပါး၊ ပထမကြီးတန်း တွင် (၆)ပါး၊ စုစုပေါင်းစာဖြေ သံဃာ(၆၄)ပါး ကြွရောက်ဖြေဆိုကာ (၃၂)ပါး ကြွရောက်မဖြေနိုင်ကြောင်းနှင့် စာစစ်ဌာနတွင် နာယက ဆရာတော်(၃)ပါး၊ ထပ်ဆင့် ကြီးကြပ်ရေးနှင့် ကြီးကြပ်ရေးဆရာတော် (၁၁)ပါးနှင့် မြို့နယ်ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အစိုးရပါဠိပထမပြန် စာမေးပွဲကို မွန်းတည့် (၁၂) နာရီမှ ညနေ(၃)နာရီအထိ ဇွန်လ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့နယ် စာစစ်ဌာနသို့ ကြွရောက်တော်မူကြသည့် ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာများအား ဆွမ်းဝေယျာဝစ္စအဝဝတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ရပ်ကွက်နှင့်ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်ဒါယကာ ဒါယိကာမများမှ နေ့စဉ်လှူဒါန်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖြေဆိုနိုင်ရေးအတွက် စာမေးပွဲဖြေဆိုရန် လာရောက်ကြသော စာဖြေသံဃာတော်များအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် လက်သန့်ဆေးရည်များ ထားရှိ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)