နေပြည်တော် ဇွန် ၇
ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကိုပြန်လည်ထိန်းသိမ်းကြပါစို့ ဆိုသည့် ဆောင်ပုဒ် နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိ မြို့နယ် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်အားပေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်မြတ်ဝင်း က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊ ပလပ်စတစ်ညစ်ညမ်းမှု၊ စွန့်ပစ်အမှိုက် လျော့ကျစေမည့် နည်းလမ်းသုံးသွယ်၊ အမှိုက်ခွဲခြားစွန့်ပစ်ရန်နမူနာအမှိုက်ပုံးသုံးမျိုးအကြောင်း၊ စနစ်တကျ အမှိုက်မစွန့်ပစ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ စသည်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများမေးမြန်းရာ ဖြေဆိုနိုင်သည့်ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကိုပြန်လည်ထိန်းသိမ်းကြပါစို့ အသိပညာပေး ဗီဒီယိုဖိုင်ကို ပရိုဂျက်တာဖြင့် ဖွင့်လှစ်ပြသရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က မိမိအခန်း၊ မိမိကျောင်း၊ မိမိအိမ် နှင့် မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာ စသည်အချက်များကို လိုက်ဖက်ညီညီ လေ့လာပြီးကြိုးစားကြစေလိုကြောင်း၊ အမှားအမှန်ကိုဝေဖန်ခွဲခြားတတ်ရန် နှင့် လူတော် လူကောင်းများဖြစ်စေရန်အတွက် ကြိုးစားသင်ယူကြစေလို ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများအား စိတ်ဓါတ်ကောင်းမွန်သည့်၊ စည်းကမ်း ကောင်းမွန်သည့် ပညာတတ်များဖြစ်အောင် သင်ကြားပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနံရံကပ်ပြဘုတ်များကို ကြည့်ရှုအားပေးကြသည်။
နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများကို တက်ရောက်လာကြသည့် ဆရာ/ဆရာမ များနှင့်ကျောင်းသားကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)