ငါန်းဇွန် ဇွန် ၇
မြင်းခြံခရိုင် ငါန်းဇွန်မြို့ ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဝင်းအတွင်းရှိ ရတနဃရ သာသနဗိမာန်၌ ယနေ့မွန်းတည့် ၁၂နာရီအချိန်က နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဝင် ဂန္တဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တနရပတိနှင့် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ သံဃာတော်များ၊ လူနှင့် သီလရှင်များလာရောက်ဖြေဆိုရာ ပထမကြီးတန်း၌ စာရင်းရှိ- ၇၊ ဖြေဆို - ၆၊ ပျက်ကွက်-၁ သည် ဒွေမာတိကဘာသာ/ဓမ္မပဒဘာသာ၊ ပထမလတ်တန်း၌ စာရင်းရှိ ၅၊ ဖြေဆို ၅ သည် ဒွေမာတိက ဘာသာ/ဓမ္မပဒဘာသာ၊ ပထမငယ်တန်း၌ စာရင်းရှိ- ၂၂၊ ဖြေဆို-၂၁၊ ပျက်ကွက်-၁ သည် ဘိက္ခုပါတိမောက်/ဓမ္မပဒဘာသာနှင့် အခြေပြုမူလတန်း၌ စာရင်းရှိ ၃၃၊ ဖြေဆို-၁၈၊ ပျက်ကွက်-၁၅ သည် ဝိနည်းကျင့်ဝန်/သုကုမာရမဂ္ဂဒီပနီ ဘာသာရပ်များကို ဖြေဆိုကြကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို (၇.၆.၂၀၂၁)ရက်နေ့မှစ၍ (၁၃.၆.၂၀၂၁)ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီအထိ ဖြေဆိုသွားမည်ဖြစ်ပြီး ကြီးကြပ်ဆရာတော်ကြီးများ၊ ဖြေဆိုသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်း၊ ကွမ်းဖူလုံစေရေးနှင့် စာမေးပွဲဖြေဆိုရာတွင် လိုအပ်မှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံး ဦးစီးအရာရှိ ဦးလှသိန်းနှင့် ဝန်းထမ်းများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)