ရခိုင်ပြည်နယ် မောင်တောမြို့ စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပပြုလုပ်ခြင်း၊  စာဖြေသံဃာများနှင့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

မောင်တော   ဇွန် ၇

ရခိုင်ပြည်နယ် မောင်တောမြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုသည့် စာဖြေသံဃာများနှင့်  ဆရာတော်ကြီး များအား  နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့မပရိယတ္တိကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။  

အခမ်းအနားကို  ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များမှ  ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲဩဝါဒါစရိယ ဆရာတော်ကြီးများ၊ အထူးကြီးကြပ် ဆရာတော်ကြီးများ၊ ကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွက်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ် သံဃနာ ယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ထံမှ (၅) ပါးသီလ ခံယူဆောက်တည်ခြင်း၊ သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်စရှိသော  ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊   သံဃာတော်အရှင်သူမြတ်များအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ညွန်ကြားရေးမှူးဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ခရိုင်/ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက လှူဖွယ်ဝတ္တူများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃနာယကအဖွဲ့ဝင် အောင်မြေ ဗောဓိ ဆရာတော်ထံမှ  အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေးခဲ့ကြပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မောင်တောမြို့နယ် စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲကို သာသနာ့ဗိမာန်တော်၌  မွန်းလွှဲ  ၁၂ နာရီမှ ညနေ ၃ နာရီထိ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်းကြားချက်များနှင့်အညီ ကျင်းပလျက်ရှိရာ  မောင်တောစာဖြေဌာနတွင် စာဖြေသံဃာ ၂၃ ပါး ဖြေဆိုရန် စာရင်း သွင်းထားပြီး ၂၀ ပါး ဝင်ရောက် ဖြေဆိုလျက်ရှိသည်။  အစိုးရ ပါဠိပထမပြန် စာမေးပွဲကို   ဖြေဆိုကြသည့် စာဖြေသံဃာ များသည်  ပထမတန်း ဒွေမာတိကာဓမ္မပဒ၊ ပထမအလတ်တန်း ဒွေမာတိကာဓမ္မပဒ၊ ပထမငယ်တန်း  ဘိက္ခုပါတိမောက် ဓမ္မပဒ၊  အခြေပြုမူလတန်း  ဝိနည်းကျင့်ဝတ်များကို ဖြေဆိုသွားရမည်ဖြစ်သည်။

အဆိုပါ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မောင်တော စာဖြေဌာနတွင် ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ  ပထမ အကြီး တန်း (၂) ပါး၊ ပထမအလတ်တန်း(၂)ပါး၊ ပထမအငယ်တန်း(၃)ပါး၊ အခြေပြုမူလတန်း(၁၃)ပါး  စုစုပေါင်း ၂၀ ပါး ရာခိုင်နှုန်းအားဖြင့် (၈၆)ရာခိုင်နှုန်း ဖြေဆိုကြမည်ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး