မြစ်သား ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးပညာကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာဆိုင်ရာ (တုပ်ကွေးရောဂါ အကြောင်း) အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြစ်သား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် တုပ်ကွေးရောဂါ ဟူသည် ရုတ်တရက်ဖြစ်ပေါ်တတ်သော အဖျားမျိုးဖြစ်ပြီးရာသီ အကူးအပြောင်းတွင် များသောအားဖြင့်ဖြစ်တတ်ကြောင်း၊ တုပ်ကွေးရောဂါခံစားရသူသည် ပုဇွန်တုပ်ကွေးကဲ့သို့ကွေးနေလေ့ ရှိသောကြောင့် တုပ်ကွေးဟုခေါ်ဆိုခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးပညာကုသရေးဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သန်းနိုင်အေးက တုပ်ကွေးရောဂါ လက္ခဏာများ၊ တုပ်ကွေးရောဂါမဖြစ်ပွားစေရန် အချိန်ကာလအလိုက် ဆောင်ရွက်ရန်များ၊ အစားအစာမှီဝဲခြင်း၊ တုပ်ကွေးရောဂါမဖြစ်ပွားအောင် ရှောင်ကြဉ်ရမည့်အချက်များ၊ လိုက်နာရမည့်အချက်များ၊ ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများနှင့် တိုင်းရင်းဆေးဌာနဆေးများဖြင့် ကာကွယ်ခြင်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဆုမွန်(မြစ်သား)