နမ့်စန်(တ) ဇွန် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဝန်ထမ်းများအား ပထမအကြိမ်ထိုးနှံခြင်းကို မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့်တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ကြက်ခြေနီအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ဇွန်လ ၅ ရက်နေ့အထိ လူဦးရေ ၃၀၀၀ ကျော် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ပြီး ယနေ့ ဇွန်လ ၆ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်း ၂၅၀ ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)