ကျိုင်းတုံမြို့ ​နယ်ရှိ နောင်ခမ်းကန်သာယာလှပရေး ဆောင်ရွက်နေမှုနှင့် နမ့်ခင်ချောင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုင်းတုံ     ဇွန်    ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နောင်ခမ်းကန်သာယာ လှပရေးဆောင်ရွက်နေမှု၊ ဟွေဖျန်းလမ်းကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု နှင့် နမ့်ခင်ချောင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး သဲနုန်းများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်း များကို သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တာဝန်ရှိ သူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင်       ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသ ဖွံ့ဖြိုးရေး (Clean and Green City)ရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် နောင်ခမ်းကန်ပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ ကန်ပတ်လည်အား ကျောက်စီမြေကာနံရံ ပြုလုပ်ခြင်း၊ လမ်းမီးတိုင်များထွန်းခြင်း၊ အုတ်ခုံပါ စတီးသံပန်းပြုလုပ်ခြင်း၊ ပလက်ဖောင်း ပြုလုပ်ခြင်းနှင့် မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ် (၁)ရပ်ကွက်ရှိ ဟွေဖျန်းလမ်း အရှည် ပေ ၃၂၀၀၊ အကျယ် ၁၂ ပေ၊ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ရေရှည်တည်တံ့ကောင်း မွန်ရေးနှင့် သတ်မှတ် ကာလအတွင်း လုပ်ငန်းများပြီးစီးနိုင်ရေး တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ယန်းလော ကျေးရွာအုပ်စု၊ နမ့်ခင်ချောင်း သဲနုန်းများ ပြန်လည်တူးဖော် ဘောင်ဆင့်ခြင်း၊ ကမ်းထိန်းကဒစ် တန်းတိုင်ရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ရေကြီးရေလျှံမှု မဖြစ်ပွားစေရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး လမ်းညွှန်ခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)