စစ်တွေမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

စစ်တွေ   ဇွန်   ၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဒေါက်တာ အောင်ကျော်မင်းက ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှစ၍ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အစုအဖွဲ့များ၊ အစိုးရများ၊ စီးပွားရေးလုပ်ငန်း များနှင့် အဖွဲ့အစည်းများအားလုံးအနေဖြင့် ဂေဟစနစ်ပျက်စီးမှုကိုတားဆီးရန်၊ ရပ်တန့်ရန်နှင့် ဖယ်ရှားနိုင်ရန် အတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုတွင် ပါဝင်ဆောင်ရွက်ကြပြီး အားလုံးအတွက် ရေရှည်တည်တံ့သည့် အနာဂတ်ကို ရယူနိုင်အောင် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်နိုင်ရန်အတွက် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုများကို ထက်ဝက်လျှော့ချရ မည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှုကို ပပျောက်စေခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ပေးရန် ကူးစက် ရောဂါများကို တိုက်ဖျက်ခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သို့ ရရှိရန်အတွက် ကြီးမားသော ပြောင်းလဲ တိုးတက်မှုများ လိုအပ်လျက်ရှိပါကြောင်း၊ ဂေဟစနစ်ကို ပြန်လည်ထူထောင်ခြင်းသည် အရေးကြီးသော စိန်ခေါ်မှု တစ်ခုပင် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် သဘာဝတရားအပေါ် ပြုမူဆောင်ရွက်မှုနည်းလမ်းများကို ပြောင်းလဲခြင်းဖြင့်လည်းကောင်း၊ ဂေဟစနစ်အပေါ်သက်ရောက်နေသော ဖိအားများကို လျော့နည်းသက်သာ ရာရစေမည့် နည်းလမ်းများကိုလည်းကောင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူသားများအနေဖြင့် ဂေဟ စနစ်ကို ကာကွယ်ထိန်းသိမ်းနိင်ရန် အားနည်းခြင်းနှင့် လက်ရှိအတိုင်းအလွန်းအကျွံ အသုံးချနေခြင်းကို မပြောင်းလဲနိုင်ပါက မိမိတို့မြတ်နိုးရှင်သန်ရာ ကမ္ဘာမြေကြီးကို ဆုတ်ယုတ်ပျက်စီးအောင် လုပ်ဆောင်နေသကဲ့ သို့ဖြစ်နေပါကြောင်း၊ ထို့အပြင် အနာဂတ်မျိုးဆက်သစ်များထံသို့လည်း  ကောင်းမွန်၍ နေထိုင်ချင်စရာ ကမ္ဘာမြေကို လက်ဆင့်ကမ်းအမွေပေးနိုင်ရန်အတွက် ခက်ခဲသွားမည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အခမ်းအနားသို့တက်ရောက်လာသူများနှင့် ပြည်သူ၊ ပြည်သားများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိခိုက်ပျက်စီးစေနိုင်မည့် မိမိတို့၏ နေ့စဉ်ပြုမူ နေထိုင်မှုပုံစံများကို ပြုပြင်ပြောင်းလဲပြီး ပစ္စုပန်အကျိုးနှင့် အနာဂတ်အကျိုး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ထံမှ ပေးပို့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုင်ရာ သဝဏ်လွှာမှတ်တမ်းဗီဒီယိုမှတ်တမ်း၊ ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်၏ အမှုဆောင်ဒါရိုက်တာ Ms. Inger Andersen ၏ အမှာစကား မှတ်တမ်း ဗီဒီယိုနှင့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုင်ရာဗီဒီယို မှတ်တမ်းတို့ကို ပြသခဲ့ သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်း များမှ ပြသထားသော ပြခန်းအားလှည့်လည် ကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)