ဗန်းမော် ဇွန် ၅
၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးရုံးနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးတို့ ပူးပေါင်း ကျင်းပသည့် ရောင်စုံပန်းချီပြိုင်ပွဲတွင် အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီဇော်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ဗန်းမော်ခရိုင်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်း က ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရောင်စုံပန်းချီ ပြိုင်ပွဲနှင့် ပတ်သက်၍ လည်းကောင်း၊ တက်ရောက်လာသော ဆုရကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများအား မိမိတို့ပတ်ဝန်းကျင်တွင် "ပတ်ဝန်းကျင် ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းကြပါစို့" ဆောင်ပုဒ် အတိုင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ပန်းချီပြိုင်ပွဲတွင် ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် "Ecosystem Restoration" ပတ်ဝန်းကျင် ရေရှည်တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည် ထိန်းသိမ်းကြပါစို့" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဆုရ ကျောင်းသား ကျောင်းသူများအား လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မို့မို့ချစ်တို့က ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)