သထုံ ဇွန် ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ အလံတရာသာသနာ့နယ်မြေရှိ အလံတရာ စေတီတော်မြတ်ကြီး အနီးတွင် ယနေ့ နံနက်က ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပပြု လုပ်ခဲ့သည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးသန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများတို့က ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ ကံ့ကော်၊ သင်္ဃန်းနှင့် မန်ဂျန်ရှား ပျိုးပင်ပေါင်း ၁၂၀၀ ကျော်တို့ကို သတ်မှတ်နေရာ အသီးသီးတို့၌ စနစ်တကျ စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် မိုးရာသီကာလ ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးနိုင်ရန် သစ်တောဦးစီးဌာန ပျိုးဥယာဉ်တွင် ပျိုးပင်ပေါင်း ၄၀၀၀၀ ခန့်ပျိုးထောင်ထားရှိပြီး မိုးရာသီကာလအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများ ဆက်လက် ဆောင်ရွက် ရန် စီစဉ်ထားကာ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအနေဖြင့် စုပေါင်းစိုက်ပျိုး လိုပါက ဆက်သွယ်မှာယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ကိုကိုဦး