စံပြကျေးရွာတွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်

သထုံ   ဇွန်    ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သု၀ဏ္ဏဝတီမြို့ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက ၃၀၀ တွင် မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား မျိုးသန့်မျိုးစပါးများကို ယနေ့ နံနက်က  မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွား‌ရေးစင်တာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဦးအောင်ဇော်နိုင်နှင့် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်တို့က မျိုးစပါးများ ထောက်ပံပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကားများပြောကြာပြီး ပြည်နယ် ဦးစီးဌာနမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာမှ စိုက်ပျိုးတောင်သူများအား တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း တန်ဖိုးဖြင့် ဧက ၃၀၀ အတွက် ပေါ်ဆန်းရင်မျိုးသန့်မျိုးစပါး တင်းပေါင်း ၃၀၀ ပေးအပ်ခဲ့ ကြသည်။

အခမ်းအနားသို့ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက ၃၀၀ မှ မိုးစပါးစိုက် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)