ချောင်းဆုံမြို့၌ မြစိမ်းရောင် (အသားကဏ္ဏ) ရန်ပုံငွေကျပ်သိန်း (၃၀၀) လွှဲအပ်ပွဲ အခမ်းအနား ကျင်းပ

ချောင်းဆုံ      ဇွန်     ၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် အသားငါးကဏ္ဏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ စိုက်ပိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝယ်လန်းကျေးရွာအတွက် မြစိမ်းရောင် (အသားကဏ္ဏ) ရန်ပုံငွေလွှဲအပ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁:၀၀) နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ၊ မွန်ပြည်နယ် (မွေး/ကု)ပြည်နယ်ဦးစီးမှူး ဒေါက်တာနီနီမော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်(မွေး/ကု)ဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဝယ်လန်းကျေးရွာ မြစိမ်းရောင် (အသားကဏ္ဏ) ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက် ကြသည်။

အခမ်းအနားတွင် (မွေး/ကု) ပြည်နယ်ဦးစီးမှူး ဒေါက်တာနီနီမော်က အသားကဏ္ဏဖူလုံရေး မြစိမ်းရောင်အသားကဏ္ဏ တိုးတက်ရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားခြင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်က ရန်ပုံငွေသုံးစွဲမှုနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ မြို့နယ်(မွေး/ကု) ဦးစီးမှူးဒေါက်တာနွဲ့နွဲ့ရီက မြစိမ်းရောင် (အသားကဏ္ဏ) ရန်ပုံငွေပေးအပ်ခြင်း အကြောင်းအရာ များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရန်ပုံငွေကိုလွဲအပ်ပေးရာတွင်  ပြည်နယ်ဦးစီးမှူးဒေါက်တာနီနီမော်က မြို့နယ် မြစိမ်းရောင် (အသားကဏ္ဏ) ကြီးကြပ်မှုကော်မတီထံသို့ ရန်ပုံငွေကျပ်သိန်း (၃၀၀) ကို လွှဲအပ်ပေးပြီး မြို့နယ် ရန်ပုံငွေကြီးကြပ်မှု ကော်မတီကကျေးရွာ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီထံသို့ ရန်ပုံငွေကို ဆက်လက်လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီဝင် ဦးစိုးတင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း၊ အဆိုပါမြစိမ်းရောင် (အသားကဏ္ဏ) ရန်ပုံငွေကျပ်သိန်း(၃၀၀)ဖြင့် ဝယ်လန်း ကျေးရွာတွင် အိမ်ထောင်စု (၅၀) အတွက် တစ်အိမ်ထောင်လျှင် နွားမ(၁)ကောင်နှုန်းဖြင့် မွေးမြူ သွားရန် နွားမတစ်ကောင်ကို ငွေကျပ်(၆)သိန်းဖြင့် နွားအကောင်ရေ (၅၀) ဝယ်ယူ မွေးမြူသွားရန် စီစဉ် ဆောင်ရွက်ထားကြောင်း မြို့နယ်(မွေး/ကု) ဦးစီးမှူး ဒေါက်တာ နွဲ့နွဲ့ရီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)