ကျောက်ဖြူ ဇွန် ၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကျား၊မ ရေးရာကဏ္ဍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အ ခွင့်အရေးများဆိုင်ရာ အသိပညာပေး အခမ်းအနားပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ရခိုင်ပြည်နယ် အမျိုးသမီး ကော်မတီရေးရာ အတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က CEDAW နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များအား POWER POINT များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက အခြေခံ သဘောတရားများနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂)၏ နောက်ခံအ ကြောင်းအရာများ၊ အဓိကလုပ်ငန်းနယ်ပယ်များနှင့် NSPAW နှင့် ပတ်သက်၍ အသိပညာပေးများအား အ ကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများက သိရှိလိုသည်များ အား မေးမြန်းခဲ့ရာ အမျိုးသမီးကော်မတီရေးရာအတွင်းရေးမှူးက ပြန်လည်ဖြေကြားပေး ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသမီးကော်မတီဉက္ကဌ၊ အမျိုးသမီးကော်မတီရေးရာအတွင်းရေးမှူး ခရိုင်အမျိုးသမီးကော်မတီဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ ၃၀ ကျော်တက်ရောက် ခဲ့ ကြောင်းသိရသည်။
တင်ထွန်းဦး ဖြိုးဝေလင်း