တောင်ကြီး ဇွန် ၄
ရှမ်းပြည်နယ် မှုခင်းလျော့နည်းကျဆင်းရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း မှုခင်းဖြစ်ပွားမှုများ လျော့နည်း ကျဆင်းစေရေးအတွက် ရှမ်းပြည်နယ်မှုခင်းလျော့နည်းကျဆင်းရေး ကော်မတီကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)မှ ဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး အဖွဲ့ဝင် (၆)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မှုခင်းဖြစ်ပွားမှု များ အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့မှ မေလ (၂၃)ရက်နေ့ထိ အမှုကြီး (၂၆)မှု၊ အခြားအမှု(၄၅၀) မှုနှင့်ကြိုတင် ကာကွယ်မှု(၂၁၃)မှုဖြစ် ပွားခဲ့ပြီးတရားခံကျား(၈၂၀)ဦး၊မ (၁၈၁)ဦး စုစုပေါင်း (၉၆၁)ဦးတို့အား အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိပါကြောင်း ၊ ယခင်လများတွင် အရေအတွက်အားဖြင့် ထိုနည်း တူစွာ မှုခင်းဖြစ်ပွားမှုများ ရှိခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မှုခင်းများ ဖြစ်ပွားရခြင်းမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နယ်မြေများ များပြားခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရှိသည့် နေရာဒေသများပြား ခြင်းတို့အပြင် ဒေသခံတိုင်းရင်းသားများအနေဖြင့် ဥပဒေအသိပညာနည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ လေ့လာတွေ့ရှိရသည့်အပြင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးအခြေအနေအရ အချိန်အခါမရွေး နေရာဒေသ မရွေး သွားရောက် ဆောင်ရွက်နိုင်မှုမရှိခြင်း၊ မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲများအား နေရာဒေသ တိုင်းသို့ သွားလာဆောက်ရွက်ရန် အခက်အခဲများရှိခြင်း၊ အချို့နေရာများတွင် တိုင်းရင်းသားလက်နက်ကိုင်များရှိ နေသည့်အတွက် အခင်းဖြစ် အရပ်သို့ သွားရောက်ရန် ခက်ခဲခြင်းများကြုံတွေ့ရပြီး မှုခင်းများ တိုးတက်ဖြစ်ပွားလာနိုင်ကြောင်း သုံးသပ်တွေ့ရှိရပါကြောင်း ပြောကြား သွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး လှဦး၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို တို့မှ ဆွေးနွေးတင်ပြပြီး ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်ဥပဒေအရာရှိ၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ခရိုင်တရားသူကြီးတို့မှ အသီးသီးဆွေးနွေး တင်ပြကြ၍ အထွေထွေဆွေးနွေး ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)