မိုင်းယောင်းမြို့ရှိ ထပ်လုံစေတီတော် အတက်လမ်း တိုးချဲ့ကွန်ကရစ်ခင်းခြင်းဆောင်ရွက်

မိုင်းယောင်း ဇွန် ၄

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်တောင်းကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း)စေတီတော် အတက်လမ်း တိုးချဲ့ကွန်ကရစ်ခင်းခြင်းကို ယမန်နေ့တွင် စုပေါင်းလုပ်အားဒါနပြုခဲ့ကြောင်း မြို့နယ်ဂေါပကအဖွဲ့မှ သိရသည်။

ထပ်လုံစေတီတော်မြတ်ကြီးကို ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရန် စေတီတော်အနီးရှိ စေတီတော်သွား အတက်လမ်း ဘေးဝဲယာနေရာအား တိုးချဲ့ကွန်ကရစ်ခင်းခြင်း၊ ယာဉ်ရပ်နားရန်နေရာ စနစ်တကျ ဖြစ်စေရေးနှင့် ကျယ်ကျယ်ဝန်းဝန်း ဖြစ်စေရေးအတွက် နေရာပြုပြင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်းခြင်း၊ ချုံနွယ် ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီတော်ပရိဝုန်အတွင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းများကို ဟိုခုံ၊ ကြောင်ကျိုက်နှင့် စေတီတော် အနီးကျေးရွာရှိ ဒေသခံ ပြည်သူများက စုပေါင်းလုပ်အားဒါနပြုကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း