ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်လှစ်

ကျောက်ဆည်  ဇွန်  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျေးလက်ဒေသများဖွံ့ဖြိုးလာစေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရန်၊ ကျေးလက်ဒေသများစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များမရှိစေရန်၊ စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်းမှုရှိစေရေးနှင့် လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယ​နေ့နံနက် (၉)နာရီခွဲ အချိန်က စိုက်ပျိုးရေးဆို်ငရာအလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးက တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးထုတ်လုပ်လိုက်သော သီးနှံ များတွင် ဓါတုကင်းလွတ်ပြီး ကျန်းမာရေးနှင့်ညီစေရေး၊ မျိုးကောင်းမျိုးသန့်များရရှိ စေရေးအတွက် စိုက်ပျိုးရေးနည်းစနစ်ကောင်းများ သိရှိနားလည်ထားရေးအတွက် သင်တန်း ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်သန်းထိုက်၊ ဒေါ်ခင်ဆွေလင်းနှင့်ဒုတိယဦးစီးမှူး ဦးချစ်ကို၊ ဦးမင်းမင်းထွန်းတို့က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)အကြောင်း သိကောင်းစရာများ၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုး ထုတ်လုပ်ခြင်း၊ မြေအသုံးချမှုနှင့်ပိုးသတ်ဆေးများစနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများ အကြောင်း သင်ကြားပို့ချဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ ပေါက်ကုန်း၊ ပနံ၊ ရှမ်းတောင်ဦး၊ မယ်ဇယ်ပင်၊ အုန်းခရိုင်၊ ငါးအိုး၊ ဗလီကွင်း၊ ရွှေဒါး၊ တောင်ဘီလူ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၆၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 သက်မောင်(ကျောက်ဆည်)