မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်ပင်ပျိုးပင်ပေါင်း ၉ဝဝဝဝ ကို ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးလျက်ရှိ

မိတ္ထီလာ ဇွန် ၄

မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနမှ ၂ဝ၂၁ ခုနှစ်မိုးရာသီကာလတွင် ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် သစ်ပင်ပျိုးပင်ပေါင်း ၉ဝဝဝဝ ကို အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း အဆိုပါ သစ်တောဦးစီးဌာန တာဝန်ရှိ တစ်ဦးထံက သိရသည်။

၂ဝ၂၁ ခုနှစ် မိုးရာသီကာလမှ ပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် ပြည်သူ့ကိုဖြန့်ဝေမယ့် သစ်ပင်ပျိုးပင်ပေါင်း ၉ဝဝဝဝ ကို ပြုစုပျိုးထောင်ပြီး စတင်ဖြန့်ဝေ ပေးနေပါတယ်။ သစ်ပင်ပျိုးပင် ၉ဝဝဝဝ တွေထဲမှာ လျှော်ဖြူ ၁ဝဝဝဝ၊ မယ်ဇလီ ၁ဝဝဝဝ၊    မြန်မာကုက္ကို  ၅ဝဝဝ၊  စိန်ပန်း ၁ဝဝဝဝ၊ တမာ ၁၂ဝဝဝ၊ ယူကလစ် ၁ဝဝဝဝ၊  ဗာဒံ ၃ဝဝဝ၊ မယ်ဇယ် ၂၅ဝဝ၊  ပန်းတမာ ၃ဝဝဝ၊ ယင်းမာ ၃ဝဝဝ၊  စိန်တံခြူ ၂၅ဝဝ၊ ငုဝါငုစပ် ၅ဝဝဝ၊ ရှား ၇ဝဝဝ၊ မန်ကျီး ၅ဝဝဝ၊ သပြေဘူတ ၂ဝဝဝ ဖြစ်ပါတယ်။ ဖြန့်ဝေပေးတဲ့နေရာမှာ တပ်ရင်းတပ်ဖွဲ့များ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးရုံတွေလည်းပါဝင်ပြီး လက်ရှိတော့ ဘုန်းကြီး ကျောင်းတစ်ချို့နဲ့ ရပ်ကွက် အနည်းငယ်က လာရောက်တောင်းယူတာမျိုးရှိလို့ ပေးနေပါတယ်။ လူမှုရေးအသင်းအဖွဲ့တွေအနေနဲ့ လမ်းဘေးဝဲယာ စိုက်ချင်လို့တောင်းရင်လည်း ပေးပါတယ်။ သစ်ပင်ပျိုးပင် စိုက်ပျိုးချင်လို့ မြို့နယ်သစ်တော ဦးစီးဌာနကို လိပ်မူပြီးစာတင်ပြီး တောင်းတဲ့သူတိုင်းကို သစ်ပင်ပျိုးပင်တွေ အခမဲ့ဖြန့်ဝေပေးတာ ဖြစ်ပါတယ်’’ဟု အဆိုပါသစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နှစ်စဉ်ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် သစ်ပင်ပျိုးပင်များကို သစ်တောပျိုးဥယျာဉ်တွင် ပြုစုပျိုးထောင်၍ သစ်ပင်ပျိုးပင်မျိုးစုံကို မြို့နယ်သစ်တော ဦးစီးဌာနက အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

ချမ်းသာ