ရှမ်းအညာမြေမှ “ပန်နူဖိုင်း“ခေါ် ရှမ်းရိုးရာမီးရှူးလွှတ် မိုးခေါ်ပွဲ

လင်းခေး  ဇွန်  

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ဝမ်ကွန်ကျေးရွာတွင် ယမန်နေ့က ရှမ်းအညာခေါ် လင်းခေးဒေသ၏ “ပန်နူဖိုင်း “ခေါ် မီးရှူးလွှတ်မိုးခေါ် ပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

ဝဿန်ကာလ မိုးဦးကျပြီဆိုလျှင် စိုက်ပျိုးတောင်သူများက မိုးကိုမျှော်ကြသည်။ အလားတူ ရှမ်းအညာမြေဟုခေါ်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊လင်းခေးမြို့နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုသူ တောင်သူအများစုသည် ယခုချိန်ကာလ၌ မိုးကို မျှော်လင့်တောင်းတလျက် ရှိကြပေသည်။

 စိုက်ပျိုးချိန်ရောက်လာခဲ့သော်လည်း မိုးက မရွာ၊ ရှမ်းအညာဒေသ၏ သဘာဝရာသီဥတုက မိုးလိုချိန်၊ မိုးရွာသွန်းမှုက အားနည်း။ သို့သော် စိုက်ပျိုးတောင်သူများ အသီးအနှံရိတ်သိမ်းရန် လိုအပ်ချိန်တွင် မိုးရွာသွန်းမှု ကောင်းမွန်လေ့ရှိသည်။ ထို့ကြောင့် မိုးစပါး၊ နှမ်း၊ ပြောင်း စသည့် မိုးသီးနှံစိုက်ပျိုးတောင်သူတို့က ယခုကဲ့သို့ မိုးနည်းကာလ၌ ရှမ်းရိုးရာ “ပန်နူဖိုင်း “ခေါ် မိုးခေါ်ပွဲ တော်ကို စုပေါင်းကျင်းပလေ့ ရှိကြသည်။ 

ထိုပွဲတော်သည် လင်းခေးဒေသရှိ ဒေသခံရှမ်းလူမျိုးက မိုးရာသီကာလ မိုးခေါင်ချိန် သမယ အတွင်း နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော ရှမ်းတို့ရိုးရာဓလေ့တစ်ခုအဖြစ် ရှေးနှစ်ပေါင်း ၇၀ ကျော်မှ စတင်ကာ ယနေ့တိုင် စည်ကားသိုက်မြိုက်စွာကျင်းပကြကြောင်း ပွဲလာရောက်ပါဝင် ဆင်နွှဲသည့် တောင်သူများကပြောပါသည်

    “  ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားများက အခုကျင်းပတဲ့ ပွဲတော်ကို ပန်နူဖိုင်းလွှတ်တင်ပွဲ သို့မဟုတ် ရှမ်းတို့ရိုးရာ မိုးခေါ်သည့်ပွဲလို့ သမုတ်ခေါ်ဆိုခဲ့ကြ ပါတယ်” “ကျွန်တော်တို့မြို့နယ် မှာတင် မကပါဘူး အခြား ရှမ်းဒေသတွေမှာလည်း အလားတူဒီပွဲမျိုးကျင်းပလေ့ရှိကြပါတယ်” ဟု ပန်နူဖိုင်းလာရောက်လွှတ်တင်သူ တစ်ဦးက ဆိုသည်။

၎င်းပွဲတော်ကို ယခုကဲ့သို့ မိုးခေါင်သည့်ကာလများ၌ ရပ်ကွက်/ကျေးရွာရှိပြည်သူများက စုပေါင်း ကျင်းပလေ့ရှိကြပြီး၊ တစ်ရွာလျှင် မီးရှူး၄၊၅ခု ပြုလုပ်ယူဆောင်ကာ လွှတ်တင်ကြသည်။

 “ ကျွန်တော်တို့ ဒေသမှာ  မီးရှူးလွှတ်ပြီးမိုးခေါ်ကြတဲ့ပွဲကို နှစ်စဉ်လိုလိုပဲကျင်းပခဲ့ကြတာ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိလာခဲ့တဲ့ ကျွန်တော်တို့ရှမ်းတိုင်းရင်းသားလူမျိုးတတွေရဲ့ ရိုးရာအမွေအနှစ်ပွဲတော်တစ်ခုဖြစ်တယ်လို့ ပြောမယ်ဆိုလည်း မမှားပါဘူး” ပွဲတော်ကျင်းပတဲ့ နေရာကတော့ အခုလို နတ်နန်း၊ နတ်စင်တွေနဲ့ မြို့နဲ့အလှမ်းဝေးပြီး လူတွေအတွက်အန္တရာယ် ကင်းစေမဲ့ နေရာကိုရွေးချယ်ကျင်းပကြပါတယ်” “ပန်နူဖိုင်း မီးရှူးတွေ မလွှတ်တင်ခင် မှာ  ဓလေ့ထုံးစံအရ ဆရာတော်သံဃာတော်များကို ပင့်ဖိတ်ပူဇော်ကန်တော့ခြင်း၊ ပရိတ်တရား တော်ရွတ်ဖတ်ပူဇော်ခြင်းများနဲ့ တောတောင်စောင့်နတ်တို့ကို ပင့်ဖိတ်ပူဇော်အရိုသေပြုပေးခြင်း အမှုတွေကို ဆောင်ရွက်လေ့ရှိကြပါတယ်။ ပြီးတော့ဆရာတော်သံဃာတော်တွေထံ ဆွမ်းခဲဖွယ် များ ဆက်ကပ်ခြင်း၊ ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များက ရှမ်းဓမ္မစာနာ ဟောပြော ခြင်းတွေကိုလည်း ထည့်သွင်း စီစဉ်ကျင်းပကြပါတယ်”ဟု လင်းခေးမြို့၊ရွာမကြီးအရှေ့ရပ်နေ ဦးစိုင်းနော်မှိုင်း(ရှေးမီနောက်မီ) က ရှင်းပြပေးခဲ့ပါသည်။

   မီးရှူးတွေမလွှတ်တင်သေးခင်မှာ လာရောက်ကြသူတွေအားလုံးက ဆရာတော်သံဃာတော် တို့ထံမှ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်နာယူခြင်းများနဲ့ ရေစက်ချအမျှပေးဝေခြင်း ၊တောတောင်စောင့်နတ်များအား အရိုအသေပြု ပူဇော်ခြင်း ပြုလုပ်ကြပြီး ပန်နူဖိုင်းခေါ် မီးရှူးတွေကို အဖွဲ့အလိုက် အိုးစည်ဗုံမောင်းတွေတီးမှုတ် ကခုန်ပြီး တပျော်တပါး အခုလို ကျင်းပ ကြပတယ်။ပွဲလာရောက်ကြသူမိတ်ဆွေတွေကိုလည်း စေတနာအလှူရှင်‌‌ တွေက စုပေါင်းပြီး နေ့လည်စာထမင်းဟင်းနဲ့ အအေးမျိုးစုံတို့ကို ဒါနပြုဧည့်ခံ ကျွေးမွေးလေ့ရှိကြပါတယ်၊ အဲနောက်မှာတော့ ပါလာခဲ့ကြတဲ့ပန်နူဖိုင်းတွေကို ကုန်သွားသည်အထိ လွှတ်တင်ကြကာ ပွဲကိုအဆုံးသတ်လိုက်ကြပါတယ်” လင်းခေးမြို့နယ်၊ ပန်ကျိုင်းကျေးရွာမှ ရွာလူကြီးတစ်ဦးဖြစ်သူ ဦးစိုင်းလှမြင့်က ပြောသည်။

စိုင်းဇော်လတ်(လင်းခေး)