လယ်ကန်သင်းတွင် ဆူးပုတ်ရွက်ပင်များ စိုက်ပျိုးသည့် တောင်သူများအနေဖြင့် စားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနေ

ပျော်ဘွယ် ဇွန်

ပျော်ဘွယ်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေး၊ ဥယျာဉ်ခြံလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်း အထောက်အကူ ပြုစေသည့် ဆူးပုတ်ရွက်ပင်များကိုလည်း လယ်ကန်သင်းဘောင်တွင် စိုက်ပျိုးလာကြကြောင်း သိရသည်။

လယ်ကန်သင်းဘောင်တွင် ဆူးပုတ်ရွက်ပင်များစိုက်ပျိုးထားသည့် အုန်းပင်ခြံကျေးရွာနေ တောင်သူ ဦးသောင်းရွေက ကျွန်တော်ကတော့ စားပင်သီးပင်တွေကို စိုက်ပျိုးပါတယ်၊ ဒါ့အပြင် လယ်ကန်သင်း ဘောင်မှာ စားဝတ်နေရေးကို တစ်ဘက်တစ်လမ်းက အထောက်အကူပြုအောင် ဆူးပုတ်ရွက်ပင်တွေ ကိုလည်း စိုက်ပျိုးပါတယ်၊ ဆူးပုတ်ရွက်မှာ ဆူးပုတ်ရွက်ကြီးနှင့် ဆူးပုတ်ရွက်လေး ဆိုပြီးနှစ်မျိုးရှိပါတယ်၊ အချို့ဒေသတွေမှာ ဆူးပုတ်ရွက်ကို စိုက်ခင်းတစ်ခုအဖြစ် စိုက်ပျိုးထားတာကို တွေ့ရပါတယ်၊ ကျွန်တော်တို့ ဒေသမှာတော့ ဆူးပုတ်ရွက်ပင်ကို လယ်ကန် သင်းဘောင်တွေမှာဘဲ စိုက်ပျိုးကြပါတယ်ဟုရှင်းပြသည်။

ဆူးပုတ်ရွက်ပင်များကို ဆူးပုတ်ရွက်အပင်မှသီးသည့် အစေ့များကို မျိုးစေ့အဖြစ်ပြန်လည်သုံးပြုပြီး စိုက်ပျိုး ရကြောင်း၊ နွေရာသီတွင် တစ်လနှစ်ကြိမ်ခန့် ရေလောင်းပြီး ဆေးဖြန်းပေးရကြောင်း၊ ဆူးပုတ်ရွက်ကို နှစ်ရက် တစ်ကြိမ် ဆွတ်ခူးရပြီး တစ်ပိဿာလျှင်(၂၅၀၀)ကျပ်ခန့်ဖြင့် ရောင်းချရကြောင်း သိရသည်။

ပျော်ဘွယ်(ပြန်/ဆက်)