ရုံးပတီသီး စိုက်ပျိုးသည့် တောင်သူများ ဈေးနှုန်းကျဆင်းခြင်းကြောင့် အမြတ်အစွန်း နည်းပါးလျက်ရှိ

ပျော်ဘွယ် ဇွန်

ပျော်ဘွယ်မြို့နယ်အတွင်း ရုံးပတီသီး စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် အမြတ်အစွန်း နည်းပါးလျက်ရှိကြောင်း သိရသည်။

ရုံးပတီသီးစိုက်ပျိုးမှုနှင့် ပတ်သက်၍ ပေကုန်းကျေးရွာ တောင်သူ ဦးထွန်းချို က ကျွန်တော်အနေနဲ့ ရုံးပတီသီး တစ်ဧက စိုက်ပျိုးထားပါတယ်၊ ထိုင်ဝမ်မျိုးဖြစ်ပါတယ်၊ စတင်စိုက်ပျိုးတဲ့ အချိန်ကစပြီး တစ်လခွဲသားခန့်မှာ အသီးစတင် ဆွတ်ခူးလို့ရပါပြီ၊ လိုအပ်တဲ့အချိန်တိုင်း ရေလောင်းခြင်း၊ အပင်အားဆေးကြွေးခြင်း၊ ပိုးသတ်ဆေး ဖြန်းခြင်းများကို ပြုလုပ်ပေးရပါတယ်၊ မိုးကောင်းပါက တစ်ရက်ခြား တစ်ကြိမ် ဆွတ်ခူးရပြီး မိုးမကောင်းပါက သုံးရက်ခြား တစ်ကြိမ် ဆွတ်ခူးရပါတယ်၊ တစ်ကြိမ်ဆွတ်ခူးလျှင် ပိဿာ(၇၀)ခန့်အထိ ထွက်ရှိပါတယ်၊ ရုံးပတီပင်ရဲ့ သက်တမ်းက လေးလသာ ရှိပါတယ်ဟုရှင်းပြသည်။

ရုံးပတီသီးများကို ပျော်ဘွယ်မြို့မဈေးတွင် ရောင်းချလျက်ရှိလို ပွဲစားများမှလည်း အခင်းအထိ လာရောက် ဝယ်ယူမှုများရှိကြောင်း၊ ယနေ့အချိန်တွင် ရုံးပတီသီးတစ်ပိဿာလျှင် ငွေကျပ်(၈၀၀)ခန့်ဖြင့်သာ ရောင်းချနေရခြင်းကြောင့် အမြတ်အစွန်း နည်းပါးလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်(ပြန်/ဆက်)