ထန်းတပင်(ရန်ကုန်)၊ ဇွန် ၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်း(၁၄၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်းတို့အား ဇွန်လ(၁)ရက်နေ့မှစတင်၍ မြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၃)ရက်နေ့အထိ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ(၂၁၄၈၈)ဦးရှိသည့်အနက် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူဦးရေ (၁၆၁၃၄)ဦးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံမှုအနေဖြင့် အခြေခံပညာ (၁၄၉) ကျောင်းတို့တွင် အထက်တန်းအဆင့်(၇၆၈)ဦး၊ အလယ်တန်းအဆင့် (၅၉၉ဝ)ဦးနှင့် မူတန်း အဆင့် (၁၄၂၉၉)ဦး စုစုပေါင်း(၂၁ဝ၅၇)ဦးရှိပြီး တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၇၃၈)ဦး၊ ကိုယ်ပိုင်ကျောင်း(၆)ကျောင်းတို့တွင် မူလတန်းအဆင့်(၇၇)ဦး၊ အလယ်တန်း အဆင့်(၈၈)ဦး၊ အထက်တန်းအဆင့်(၁၀၅)ဦး စုစုပေါင်း(၂၇၀)ဦးရှိပြီး တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ(၂၃၃)ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ (၁၆၁)ဦး ရှိကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်း စာသင်ကျောင်းများ ဖွင့်လှစ်ရာတွင်လည်း ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသလို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာစီမံ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)