၂၀၂၁ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပျဉ်းမနား     ဇွန်   

၂၀၂၁ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီခွဲတွင် ပျဉ်းမနားမြို့၊ ပေါင်းလောင်း အားကစားကွင်း၌ ကျင်းပရာ ဗိုလ်လုပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းနှင့် ပျဉ်းမနားမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တပ်ကုန်းမြို့နယ် လက်ရွေးစင် ဘောလုံးအသင်းက (၁-ဝ)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ နေရာအလိုက် အကောင်းဆုံး ကစားသမားဆုများအားချီးမြှင့်ရာ ဆုတံဆိပ်များနှင့် ငွေသားဆုများကို နေပြည်တော်ကောင်စီဝင် ဦးကျော်သိန်းဆိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်  ဦးထွန်းမြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းတို့မှ    ဆုများပေးအပ်ချီးမြှင့်ပြီး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပွဲစဉ် တ‌လျှောက်တာဝန်ထမ်းဆောင်ခဲ့သော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။    

ထို့နောက် ၂၀၂၁ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရ၊ လယ်ဝေးမြို့နယ် လက်ရွေးစင် ဘောလုံးအသင်းအား နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းမှ လည်းကောင်း၊ ဒုတိယဆုရ ပျဉ်းမနားမြို့နယ် လက်ရွေးစင်ဘောလုံး အသင်းအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်မှ လည်းကောင်း၊ ပထမဆုရ တပ်ကုန်းမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့မှ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများအား ချီးမြှင့်ပေးသည်။

ယင်းနောက် ၂၀၂၁ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိသည့် တပ်ကုန်းမြို့နယ် လက်ရွေးစင် ဘောလုံးအသင်းအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ် ချီးမြှင့်သည်။

၂၀၂၁ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို မေ(၂၄)ရက်နေ့မှ ဇွန်(၃)ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့မှ အသင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ တပ်ကုန်းမြို့နယ် လက်ရွေးစင်အသင်းက ပထမဆု၊ ပျဉ်းမနားမြို့နယ် လက်ရွေးစင်အသင်းက ဒုတိယဆု နှင့် လယ်ဝေးမြို့နယ် လက်ရွေးစင်အသင်းမှ တတိယဆုအဖြစ် ဆုများအသီးသီး ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

စိုးမိုးအောင်