ရခိုင်ပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရန် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လာရောက်တွေ့ဆုံ

 

စစ်တွေ ဇွန် ၄

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအား ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ဆောင်ရန်  POWER CHINA COMPANY ၊ CHINA HUANENG COMPANY နှင့် ကျောက်ဖြူ ခရိုင် ဒေသခံတိုင်းရင်းသားများဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီတို့မှ တာဝန်ရှိသူများ သည့် ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ဆောင် ပေးသည့် အတွက် ကျေးဇူးတင်ပါကြောင်း၊ ပြည်နယ်အတွက် စေတနာထားပြီးလုပ်ဆောင်ပေးမည်ဟု သိရသည့်အတွက်ကြောင့်လည်း  ကျေးဇူးတင်ပါကြောင်းနှင့် လုပ်ငန်းများရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်မည်ဆိုပါက လုပ်ဆောင်မည့်ဒေသများတွင် စိစစ်သေချာစွာ လေ့လာပြီး အကျိုးရှိ အောင် ဒေသအတွက် အကျိုးရှိအောင် လုပ်ဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့်ကိစ္စ၊ ကျောက်ဖြူမြို့နယ်အတွင်း ပင်လယ်ရေငံစပါးနှင့် ရေချိုစပါး အထူးအထွက် တိုး စမ်းသပ်စိုက်ပျိုးမည့် ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး၊ POWER CHINA COMPANY ၊ CHINA HUANENG COMPANYတို့မှ တာဝန်ရှိသူများ၊ ကျောက်ဖြူခရိုင် ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)