မိုင်းဖြတ် ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က မြို့နယ်တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် မြို့နယ်ဆည်မြောင်းနှင့်ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ဝမ်လွှေ့ရကျေးရွာ၌ ရေလွှဲဆည်ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်ကိုကိုအောင်နှင့် ကော်မတီဝင်များက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လုပ်ငန်းကြီးကြပ် အင်ဂျင်နီယာ(မြို့ပြ) ဦးမြင့်ဇော်အောင် က တာဝန်ယူဆောင်ရွက်ရေး ခွင့်ပြုရန်ပုံငွေ (၈၁ ဒဿမ ၀၅) ကျပ်သန်းဖြင့် အလျား ၅၇ပေ၊ အနံ၄၅ပေ၊ အမြင့်၄ပေရှိ ရေလွှဲဆည်အမျိုးအစားကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီစေရေး၊ အချိန်မီ ဆောင်ရွက်ပြီးစီးနှိုင်ရေးနှင့် ဆောင်ရွက်ပြီးစီးပါက တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိရန် ကျေးရွာရေကော်မတီ ဖွဲ့စည်းနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ရေလွှဲဆည်ဆောင်ရွက်ပြီးစီးပါက နမ့်လန်းကျေးရွာအုပ်စု၊ ဝမ်လွေ့ကျေးရွာမှ ဒေသခံတောင်သူများ၏ စိုက်ပျိုးလယ်မြေ (၁၅၂)ဧကခန့်ကို စိုက်ပျိုးရေဖူလုံစွာ ပေးဝေနိုင်မည်ဖြစ်ပြီး ယခုအခါမှာ ရေလွှဲဆည်ဆောင်ရွက်ပြီးစီးမှုမှာ ၇၀ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး