ဆီဆိုင် ဇွန် ၃
ကျေးလက်နေပြည်သူများ၏ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုတနိုင်တပိုင်ဝင်ငွေ မြှင့်တင်ရေး၊ ခေတ်မီနည်းပညာများ၊ အသိပညာပြန့်ပွားစေရေးအတွက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲ က အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်ဆန်းဝင်း က ကျေးလက်ဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ဖြစ်သော အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများ၊ လမ်း/တံတား၊ ရေပေးရေးလုပ်ငန်းများ၊ မီးလင်းရေးလုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာများဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချပေးသည့်အတွက် များစွာအကျိုးရှိပြီး ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာအကျိုးအတွက် စိတ်ပါဝင်စားစွာ ဆောင်ရွက်ရန်လိုအပ်ပြီး ဦးစီးဌာနများနှင့် ဆောင်ရွက်ရာတွင် ရဲရဲဝင့်ဝင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့ကျေးရွာလိုအပ်ချက်များအား သက်ဆိုင်ရာဦးစီးဌာနအလိုက် နည်းစနစ်ကျကျ မှန်မှန်ကန်ကန် တောင်းဆိုလာနိုင်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုတိုးတက်အောင် ဆောင်ရွက်လာနိုင်မှာဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းနု က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဆပ်ပြာရည်ပြုလုပ်နည်း (၅)မျိုး၊ ဆပ်ပြာခဲပြုလုပ်နည်း (၂)မျိုးနှင့် Hand Gel ပြုလုပ်နည်း (၁)မျိုးတို့ကို သင်တန်းနည်းပြအဖြစ် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ဦးစီးမှူး ဦးစိုးထက်အောင် က ဇွန် ၃ ရက်မှ ၇ ရက်နေ့ထိ (၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မင်္ဂလာရပ်ကွက်နှင့် နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၁)ရွာမှ သင်တန်းသား (၃)ဦး၊ သင်တန်းသူ (၂၂)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး