ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ် ၊ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ပေးလျက်ရှိ

ကျောက်မဲ ဇွန် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ အဆိုပါရုံး၌ နားပြိန်းကျေးရွာအုပ်စုရှိ တောင်သူ ၄၀ ဦးအား စပါး ၂၀ ဧကနှင့်အခြားသီးနှံ(ပြောင်း) ၂၁၂ ဧက အတွက် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား စပါးစိုက်ဧက တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ(ပြောင်း) တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်း အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် မိုးစပါးဘဏ်ချေးငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ်အတွင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကျောက်မဲမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၂ အုပ်စုမှ တောင်သူ ၁၇၈၄ ဦးအား စပါး ၄၁၀၆ ဧကနှင့် အခြားသီးနှံဧက ၄၇၀၈ ဧက အတွက် မိုးရာသီဘဏ်ချေးငွေကျပ် ၁၀၈၆၇ သိန်း ထုတ်ချေးရန်လျာထားပြီး ယနေ့အထိ ကျေးရွာ အုပ်စု၊ ၃ အုပ်စုမှ တောင်သူ ၈၀ ဦးအား ချေးငွေ ၅၂,၂၅၀,၀၀၀- ကျပ်ကို ထုတ်ချေး ပေးခဲ့ပြီ ဖြစ်ပြီး ကျန်ကျေးရွာများမှ တောင်သူများအား ရုံးဖွင့်ရက်များတွင် ဆက်လက် ထုတ်ပေးသွားမည်ဖြစ်သည်။

၎င်းကဲ့သို့ ထုတ်ချေးရာတွင်ယမန်နှစ်က မိုးရာသီဘဏ်ချေးငွေများကို အကျေဆပ်ပြီးသူများနှင့် ပုံစံ-၇ လက်ဝယ်ပိုင်ဆိုင်သူများကိုသာ ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွား ရေးဘဏ်၊ ကျောက်မဲခရိုင်ဘဏ်ခွဲမှ ခရိုင်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း