ကျောက်မဲမြို့နယ် သစ်တောဦးစီးဌာနမှ လူထုဖြန့်ပျိုးပင်ပေါင်း ၆ သောင်းကျော် ပျိုးထောင်ထားရှိ

ကျောက်မဲ ဇွန် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ယခုနှစ် မိုးရာသီကာလအတွင်း ပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန်အတွက် ရည်ရွယ်၍ လူထုဖြန့် နှစ်ရှည်သီးပင်စားပင်နှင့် သစ်တောသစ်ပင် ပျိုးပင်ပေါင်း ၆ သောင်းကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။

အဆိုပါ ကျောက်မဲမြို့နယ်၊ သစ်တောဦးစီးဌာနရှိ ပျိုးဥယာဉ်တွင် သစ်တောသစ်ပင်များဖြစ်သည့် မန်ဂျန်ရှား၊ ကျွန်း၊ ရေသင်းဝင်၊ ယမနေ၊ ခရေ၊ ပျဉ်းကတိုး၊ မယ်ဇလီ၊ ရေပိတုံး၊ ကံ့ကော်၊ စိန်ပန်းနီ၊ ခါတော်မှီ၊ ပိတောက် စသည့်အပင် ၅၆၀၀၀ ပင်ကိုလည်းကောင်း၊ နှစ်ရှည်ပင် အနေဖြင့် မန်ကျည်း၊ ပိန္နဲ၊ ဒညင်း၊ သရက်နှင့် ထောပတ်ပင်စသည့် အပင် ၇၇၀၀ ပင်ကို လည်းကောင်း ပျိုးထောင်ထားရှိကြောင်း သိရသည်။

ယင်းပျိုးထောင်ထားရှိသည့် အပင်များကို ဇွန်လမှစ၍ ဖြန့်ဝေပေးနေပြီဖြစ်ပြီး စိုက်ပျိုးလိုသည့် ဌာနဆိုင်ရာများနှင့် လူထုများအနေဖြင့် သစ်တောဦးစီးဌာနသို့ ဆက်သွယ်၍ အခမဲ့ သွားရောက် ရယူနိုင်ပြီဖြစ်ကြောင်း ကျောက်မဲမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း