အောင်ပွဲရ မတ္တရာမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြု ဆုချီးမြှင့်

မတ္တရာ ဇွန် ၃

ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မတ္တရာမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပထမဆုရရှိခဲ့သည့် အမျိုးသမီးဘောလုံးအဖွဲ့မှ ဆုဖလားအား မြို့နယ်သို့ အပ်နှင်းခဲ့သည်။

ဆက်လက်၍ ဆုရအမျိုးသမီးဘောလုံးအသင်းအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ဂုဏ်ပြုချီးမြှင့်ငွေ ၅ သိန်းကျပ်အား ပေးအပ်ချီးမြှင့်ရာ ဘောလုံးအသင်း တာဝန်ရှိသူများမှ လက်ခံရယူ ခဲ့ကြပြီး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်သူဇာဦးနှင့် အမျိုးသမီး ဘောလုံး အသင်းခေါင်းဆောင် မသန္တာလွင်တို့မှ  ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် အောင်ပွဲရ အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ မြို့နယ် အားကစားမှူး၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)