တန့်ယန်း ဇွန် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ဂေဟစနစ်များ မပျက်စီးစေရေးနှင့် ရာသီဥတုမျှတညီညွတ်စေရေးအတွက် မြို့နယ်သစ်တော ဦးစီးဌာနမှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အရိပ်ရပင်၊ နှစ်ရှည်ပင်နှင့် စားသုံးသီးနှံပင် သုံးသောင်းကျော်ကို ပျိုးဥယျာဉ်(နှစ်)ခု၌ ပျိုးထောင်ထားလျက်ရှိကြောင်း သိရသည်။
မြို့နယ်သစ်တောဦးစီးဌာန၏ ပျိုးဥယျာဉ်(နှစ်)ခုတွင် ကျွန်း၊ မယ်ဇလီ၊ ထင်းရှူး၊ ယမနေ၊ ရေသင်းဝင်၊ ယူကလစ်၊ ခါတော်မှီ၊ ပန်းဝါ၊ ကံ့ကော်၊ မန်ဂျန်ရှား၊ ချယ်ရီ၊ ရင်ခတ်ပန်း စသည့် ပျိုးပင် (၂၀၀၀၀) ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရ အစီအစဉ်ဖြင့် မယ်ဇလီ၊ ယမနေ၊ ချယ်ရီ၊ ခါတော်မှီ၊ ကျွန်း စသည့်ပျိုးပင်ပေါင်း (၈၂၅၀) ကိုလည်းကောင်း၊ နှစ်ရှည်သီးပင်စားပင်များဖြစ်သည့် သရက်၊ ပိန္နဲ၊ လိုင်ချီး၊ ဒညင်း (၈၀၀)ပင်နှင့် ထောပတ်၊ မက္ကဒေးမီးယား (၁၅၀၀)၊ စုစုပေါင်း (၃၀၅၅၀) ပင်အား ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး