ကျိုက်မရောမြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး

 

ကျိုက်မရော ဇွန် ၃

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး ခြင်းကို ယနေ့နံနက် ၉ နာရီက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွန်ချက် များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်မိုးရာသီတွင် တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီ လုပ်ကိုင် နိုင်ရန်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို လယ်တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ ယာတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ကျိုက်မရောမြို့နယ်အတွင်းရှိ အောင်သုခ ရပ်ကွက်နှင့် မယ်ကရိုကျေးရွာအုပ်စုမှ တောင်သူ (၄၄) ဦးတို့အား စိုက်ဧက (၂၃၁) ဧကအတွက် ချေးငွေစုစုပေါင်း (၃၄၆၅၀၀၀၀) ကျပ် သုံးရာလေးဆယ့်ခြောက်သိန်းငါးသောင်းကို အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများကိုလည်း ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်သီတာထွန်းထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)