နွားထိုးကြီး ဇွန် ၃
နွားထိုးကြီးမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ အားလုံးကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဇွန် ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း (၁၁) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၂၄)ကျောင်း၊ အလယ်တန်းကျောင်း(၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၈)ကျောင်း၊ မူလတန်း လွန်ကျောင်း(၁၅)ကျောင်း၊ မူလတန်းကျောင်း(၉၁)ကျောင်း၊ မူလတန်းခွဲကျောင်း(၄)ကျောင်း စုစုပေါင်း (၁၆၅)ကျောင်းရှိပြီး အခြေခံပညာကျောင်းများကို မေ(၂၄)ရက်နေ့မှစတင် ကျောင်းအပ်ခက်ခံလျက်ရှိရာ ယနေ့အထိ ကျောင်းအပ်သူ ဦးရေ(၁၀၁၉၀)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နွားထိုးကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မိဘပြည်သူများမှ လုံခြံရေးရယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သန်းအောင်ဇော်