မြစ်သား ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်သည် ကျောက်ဆည်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာခရိုင်ဦးစီးမှူး ဦးတင်ဝင်း လိုက်ပါလျက် မြစ်သားမြို့နယ်သို့ရောက်ရှိပြီး ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လင်းလင်းကျော်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့်တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်း ကပ်ထားကြညာမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပြီး မြစ်သားမြို့ပေါ်ရှိ ကသဲကုန်းကျေးရွာအုပ်စု၊ ဘူတာရပ်ကွက်၊ ရွှေသူဌေးရပ်ကွက်၊ မင်းကုန်းရပ်ကွက်နှင့် မြို့မအရှေ့ရပ်ကွက်များရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝန်ကြီးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိစေရေးအတွက် ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် မဲစာရင်းများသေချာတိကျစွာပြုစုဆောင်ရွက်ကြရန်၊ မဲစာရင်းကပ်ထားချိန်တွင် မဲဆန္ဒရှင်ပြည်သူများလာရောက်ကြည့်ရှုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူပေါင်းနှိုးဆော်ဆောင်ရွက်သွားကြရန်တို့ကို ဆွေးနွေ းမှာကြားခဲ့သည်။
မြစ်သားမြို့နယ်အနေဖြင့် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) တွင် (၄၈) အုပ်စု၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) တွင် (၄၄) အုပ်စုဖြင့် စုစုပေါင်းရပ်ကွက်/ကျေးရွာအုပ်စု (၉၂) အုပ်စုရှိပြီး တပ်မဲရုံ (၆) ရုံ၊ ရပ်ကွက်/ကျေးရွာ အုပ်စုမဲရုံ (၁၉၅) ရုံ၊ စုစုပေါင်းမဲရုံ (၂၀၁) ရုံ လျာထားသတ်မှတ်ထားရှိပြီး မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင်ပြင်ဆင်လျှောက်ထားလျက်ရှိရာ ဩဂုတ်လ(၉)ရက် ညနေပိုင်းအထိ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုလွှာ ပုံစံ (၃) ဖြင့် လျှောက်ထားသူ (၁၄၃၉) ဦး၊ မဲစာရင်းနှင့် စပ်လျဉ်းသည့်ကန့်ကွက်လွှာပုံစံ (၄) ဖြင့် လျှောက်ထားသူ (၃၄၃) ဦး၊ မဲစာရင်းနှင့်ပတ်သက်သည့် ပြင်ဆင်လွှာပုံစံ (၄−ဂ) ဖြင့် လျှောက် ထားသူ (၄၄၁) ဦးရှိပြီး အခြေခံမဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူဦးရေ (၃၆၆၆၆) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယဉ်မွန်ဖိုးထံမှသိရှိရသည်။
ဆုမွန် (မြစ်သားပြန်/ဆက်)