ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)မြို့နယ်၌ ၂၀၂၁ ခုနှစ်အစိုးရဓမ္မာစရိယစာမေးပွဲများကျင်းပ

 

ရန်ကုန် ဇွန်

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊သာသနာရေးဦးစီးဌာနကကြီးမှူး၍နှစ်စဥ်ကျင်းပသော ၂၀၂၁ ခုနှစ် ဓမ္မာစရိယ စာမေးပွဲကို နိုင်ငံ တစ်ဝန်းလုံး ကျင်းပလျက်ရှိရာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အနောက်ပိုင်း ခရိုင် ဗဟန်း မြို့နယ်၌  ၂၀၂၁-ခုနှစ်ဓမ္မာစရိယ စာမေးပွဲကို ယမန်နေ့ နေ့လယ်  ၁၂နာရီမှ ညနေ ၄ နာရီအထိ ကျင်းပရာ၊ စာဖြေဆိုသည့် နေရာ(၈)နေရာတွင်၊ ရဟန်းသံဃာတော်များ၊ သီလရှင် ဆရာလေး များ၊ လူပဂ္ဂိုလ်များက၊ တစ်ပြိုင်တည်း ဝင်ရောက်ဖြေဆိုကြသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ၂၀၂၁ ခုနှစ်ဓမ္မာစရိယ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသည့် သံဃာတော် အပါး (၇၂၇)ပါး၊ သီလရှင် အပါး(၁၉၁)ပါး၊ လူပုဂ္ဂိုလ်(၃)ဦး၊ စုစုပေါင်းဖြေဆိုသူ ဦးရေ(၉၂၁)ဦး တို့က စာမေးပွဲ ဆက်လက် ဖြေဆိုကြရာတွင်ကျမ်းရင်း၊ ပါရာဇိက ကဏ္ဍပါဠိအဋ္ဌက ထာ(၂) ကိုဖြေဆိုကြသည်။

၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ကျမ်းရင်း ၃ ကျမ်း၊မြန်မာဂုဏ်ထူး ၇ ကျမ်းနှင့်ပါဠိဂုဏ်ထူး  ၃ ကျမ်းတို့ကိုဖြေဆိုရမည်ဖြစ်ပြီး ဇွန် ၁ ရက်နေ့မှ ၉ ရက်နေ့အထိ နေပြည်တော် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီး တို့တွင်စာဖြေဌာန ၅၉ ဌာနတို့၌ လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲတွင်အခြေပြု မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း တို့ကိုဖြေဆိုရမည်ဖြစ်ပြီး ဇွန် ၇ ရက်မှ ၁၃ ရက်နေ့ အထိနေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့ရှိ စာဖြေဌာန ၂၄၁ ဌာနတို့၌ လည်းကောင်း တစ်ချိန်တည်း၊ တစ်ပြိုင် တည်းကျင်းပသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဓမ္မာစရိယစာဖြေဌာန(၁၀)ဌာန၊  ပါဠိပထမပြန် စာဖြေဌာန(၄၁)ဌာနရှိ၍ စာရင်းသွင်း သံဃာ၊ သီလရှင် (၁၉၉၅၂) ပါးရှိပြီး စာဖြေဌာန အသီးသီးတို့သည် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ကျင်းပ ရခြင်းဖြစ်သည့် အတွက်၊ ကျန်းမာရေး ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ကျင်ပဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစာမေးပွဲဖြေဆိုရာသို့ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ရန်ကုန်အနောက်ပိုင်းခရိုင် သာသနာ ရေးမှူး၊ ဗဟန်းမြို့နယ် သံဃနာယကဆရာတော်များ၊ စာမေးပွဲကြီးကြပ်သည့် ဆရာတော်များ၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး၊ မြို့နယ် အတွင်းရှိလူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စာဖြေ ဆိုသူ၊ ရဟန်း သံဃာ၊ သီလရှင် ဆရာလေးများကို၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်အပူချိန် တိုင်ပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်း စသည့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)