တောင်သာ ဇွန် ၂
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဇွန်လ(၁)ရက်နေ့မှ ကျောင်းများဖွင့်လှစ်ခဲ့ရာ ဒုတိယနေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစတင်ဖွင့် လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာတက်ရောက် ပညာသင်ကြားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းဖွင့်ရက် ဒုတိယနေ့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် ဒုရဲအုပ် လင်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ထူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘ ကော်မတီများ၊ ဆရာ၊ ဆရာမများက ကျောင်းဝင်ပေါက် ဝတွင် အပူချိန်တိုင်းခြင်း၊ Mask နှင့် Face Shield များတပ်ဆင်စေခြင်း၊ လက်ဆေးခြင်းများ၊ ကျောင်းဝင်း အတွင်းနှင့်အပြင် လုံခြုံရေးများ၊ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ/မရှိ စသည်တို့ကို ကြည့်ရှု့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
တောင်သာမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း(၁၆)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (၃၁)ကျောင်း၊ အလယ်တန်းကျောင်း(၂၅)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၀)ကျောင်း၊ မူလွန်ကျောင်း(၃၀)ကျောင်း၊ မူလတန်းကျောင်း(၉၈)ကျောင်း၊ မူလတန်းကျောင်းခွဲ (၃)ကျောင်း စုစုပေါင်း(၂၁၃)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)