တံတားဦး၊ ဇွန် ၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲ အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ ဆေးရုံ အတွင်းရှိ သံဃာ့ဆေးကုသဆောင်၌ ယနေ့နံနက်(၉)နာရီက စတင်ဆောင်ရွက်ကြကြောင်း သိရသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကလေးငယ်များ၊ မိဘအုပ်ထိန်းသူများနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း တပ်ဆင်စေပြီး ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံတိုက်ကျွေးပေးကြသည်။
အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းများက ပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် အသက်အရွယ် အလိုက် အသည်းရောင်၊ ဆုံဆို့၊ ကြက်ညှာ ၊ မေးခိုင်အသည်းရောင်အသားဝါ(ဘီ) ၊ ဦးနှောက်တီဘီ ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းလျော ဝမ်းပျက်ရောဂါ၊ ဝက်သက် ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန် ဦးနှောက်ရောင်ရောဂါနှင့် ပိုလီယိုကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း တို့အပြင် ကိုယ်ဝန်ဆောင် မိခင်လောင်း များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို တံတားဦးမြို့ ရပ်ကွက်(၃)ရပ်ကွက်အပြင် ကျေးလက်ကျန်းမာရေး ဌာနအောက်ရှိ ကျေးရွာများတွင်လည်း လစဉ်ပုံမှန်ထိုးနှံတိုက်ကျွေး ပေးလျက်ရှိကြောင်းသိရသည် ။
တံတားဦးမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်တွင် ကလေးငယ်ပေါင်း(၈၃)ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်း (၁၀)ဦး စုစုပေါင်း(၉၃)ဦး တို့အားကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်(တံတားဦး)