ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တွင် မိုးစတင်ရွာသွန်း မြေပဲများစတင်စိုက်ပျိုး

ညောင်ဦး ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးစတင်ရွသွန်ခြင်းနှင့်အတူ မြေပဲများစတင် စိုက်ပျိုးနေကြပြီ ဖြစ်ကြောင်း အရှေ့ပုလင်းကျေးရွာ မြေပဲစိုက်တောင်သူ  ဒေါ်အောင်မြို့ထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် မေ ၃၀ ရက်နေ့မှစတင် မိုးရွာသွန်းခဲ့ပြီး နှမ်းကြဲပက်စိုက်ပျိုးရန် အချိန်တစ်လခန့် နောက်ကျခြင်းကြောင့် မြေပဲများသာ စိုက်ပျိုးရရှိတော့ကြောင်း၊ ညောင်ဦး မြို့နယ်တွင် မိုးရာသီသာ အဓိက အားကိုးအားထား စိုက်ပျိုးရပြီး ဧပြီလနှင့် မေလတို့တွင် မိုးရွာသွန်းမှု မရှိခဲ့ပဲ မေလ တတိယပတ် နောက်ဆုံးရက်တွင်မှ မိုးရွာသွန်းခဲ့ရာ မိုးရွာသွန်းမှု အစိုဓာတ် ကောင်းမွန်ခြင်းကြောင့် ခြောက်လမြေပဲခေါ် ပင်ပြန့်မြေပဲနှင့် သုံးလမြေပဲခေါ် ပင်ထောင် မြေပဲတို့ စတင်စိုက်ပျိုးကြပြီ ဖြစ်ကြောင်း မြေပဲစိုက်တောင်သူများထံက သိရသည်။

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများနှင့် ငါသရောက်မြို့ ကျေးလက်တောင်သူများသည် မြေပဲစိုက်ပျိုးခြင်းအား ပင်ပြန့်မြေပဲနှင့် ပင်ထောင်မြေပဲ နှစ်မျိုးလုံးစိုက်ပျိုးကြပြီး၊ ပင်ပြန်မြေပဲ မျိုးဆန်တစ်တင်း ငါးသောင်းကျပ်၊ ပင်ထောင်မြေပဲခေါ် သုံးလမြေပဲ ဆန်တစ်တင်း ငါးသောင်း ငါးထောင်ကျပ် ပေးဝယ်စိုက်ပျိုးရကြောင်း သိရသည်။

မြေပဲစိုက်ပျိုးရန် ထွန်ယက်ခအဖြစ် ယာထွန်စက်တစ်နာရီ  နှစ်သောင်းကျပ်၊ နွားရှဉ်းတစ်မနက် တစ်သောင်းကျပ် ပေးငှားရပြီး၊ အချို့တောင်သူများ အလိုအလျှောက် ပျိုးကြဲထွန်ဖြင့်ပျိုးချ စိုက်ပျိုးကြပြီး၊ အချို့တောင်သူများ ပျိုးကြဲသမများငှားကာ စိုက်ပျိုးကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် မိုးကြိုကြဲနှမ်းများ ကြဲပက်စိုက်ပျိုးမှု မရှိတော့ပဲ၊ မိုးကျမှသာ စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုနောက်ကျခြင်းကြောင့် နှမ်းကြီး၊ နှမ်းလျင်စိုက်ပျိုးမှု မမီတော့ကြောင်း၊ ယခု မိုးရွာသွန်းသည့်မိုးသည် အချိန်ကြာမြင့်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မြေပဲကြိုက်မိုးဖြစ်ခဲ့ပြီး မြေပဲတစ်သီး မိုးကောင်းကောင်းလေး တစ်မိုးလောက်ရရုံဖြင့် မြေပဲများရရှိနိုင်ကြောင်း၊ အပင်စတင်ဖြစ်ချိန်တစ်မိုး၊ အပွင့်ပွင့် မြေပဲစွယ်ချိန်တစ်မိုး၊ ဥဥပြီးချိန် တစ်မိုးလောက်ရွာရုံဖြင့် မြေပဲရနိုင်ကြောင်း၊ ညောင်ဦး မြို့နယ်တွင် မြေပဲဆန်တစ်တင်းချ စိုက်ကွင်းတစ်ခု မိုးလေဝသမှန်ကန်ခဲ့လျှင် အနည်းဆုံးအထွက်နှုန်း တင်းနှစ်ဆယ်မှ သုံးဆယ့် ငါးတင်းထိ ထွက်ရှိကြောင်း သိရသည်။

ယခုနောက်ပိုင်း မိုးလေဝသမမှန်ကန်မှုများကြောင့် မြေပဲခင်းများ ပျက်စီးခြောက်သွေ့ခြင်း၊ အထွက်နှုန်း နည်းခြင်း၊ ကွက်ကြားမိုးရွာ သွန်းမှုများသည့် ဒေသများတွင် မြေပဲများရကြ ကြောင်းလည်း သိရကာ မိုးစတင် ရွာသွန်းခြင်းကြောင့် မြေပဲများစတင် စိုက်ပျိုးနေကြပြီ ဖြစ်ကြောင်း သိရသည်။

ကိုထိန်၊KPD