မြစ်ကြီးနား ဇွန် ၂
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ် ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်၍ သင်ကြားရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် လိုက်လံကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်း၌ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမများမှ သင်ကြားရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအား ပေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သား၊ သမီးများအတွက် ပညာသင်ကြားခွင့်ရရှိရေးသည် အနာဂတ်တိုင်းပြည်အတွက်နှင့် မိမိတို့ ဘဝအတွက် အရေးကြီးပါကြောင်း၊ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုလည်း လုံခြုံရေးဆိုင်ရာ အစီအမံများ ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း အားပေး ပြောကြားခဲ့ပြီး သင်ကြားရေး ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများနှင့် မူလတန်း ကလေးငယ်များအား အဟာရကြေး ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပမ္မတီးရပ်ကွက် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား မိဘများနှင့် တွေ့ဆုံအားပေးပြီး ကျောင်းအတွင်း သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျောင်းသားတက်ရောက်မှု အခြေအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး စံလုပ်ငန်းလမ်းညွှန်ချက်များနှင့် သင်ကြားနိုင်မှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီးထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
အလားတူ ရေကြည်ကျေးရွာ၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းသား ကလေးငယ် များအား ပညာသင်ကြားနေမှု အခြေအနေများကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်အတူ စာသင်ခန်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး သင်ကြားရေး လုပ်ငန်းဆောင်ရွက်နေကြသည့် ဆရာ၊ ဆရာမများနှင့် သူငယ်တန်း ကလေးများအတွက် အဟာရကြေး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကာ ကျောင်းအတွင်း လိုအပ်သည့် သောက်သုံးရေ လုံလောက်မှုရှိစေရေး၊ တိုးချဲ့ကျောင်းဆောင်သစ်ရရှိရေးအတွက် ပြည်နယ်ပညာ ရေးမှူး၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ် ပညာရေး ဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပြည်နယ်အတွင်း အခြေခံပညာ ကျောင်းများ ဖွင့်လှစ်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပေါင်း(၁၄၀၀)ကျော် ပြင်ဆင် ဆောင်ရွက်ထားခဲ့ပြီး ကျောင်းအပ်နှံမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိနေကြောင်းနှင့် ပညာရေး ဝန်ကြီးဌာနမှလည်း ကချင်ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း(၃၇၈)ကျောင်းအတွက် ကျောင်းများ ဥပဓိရုပ် ကောင်းမွန်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ရေစနစ်များ ဆောင်ရွက်ရန် အတွက် ရန်ပုံငွေကျပ်သန်း (၁၉၉၈.၈၅၅၂)သန်း ခွဲဝေရရှိခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)