မောင်တော ဇွန် ၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ဇွန် ၁ ရက်နေ့ နံနက် ပိုင်းမှ စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်းချက်များနှင့်အညီ သင်ကြားပို့ချပေး လျက် ရှိရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု ၊ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မောင်တောမြို့တွင် ကျောင်းတက်ရောက်လာသည့် ကျောင်းသား/သူများ ကိုယ်အပူချိန်တိုင်းတာခြင်း ၊ တစ်ဦးနှင့်တစ်ဦး ခပ်ကွာကွာနေစေ၍ ကျောင်းများဖွင့်လှစ် သင်ကြား ပို့ချ လျှက်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ အခြေခံ ပညာ အထက်တန်းကျောင်း (၁၀) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၅) ကျောင်း ၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) (၁၂) ကျောင်း၊ မူလတန်း လွန်ကျောင်း (၄၈) ကျောင်း ၊ မူလတန်း ကျောင်း (၃၄) ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၁၃ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂) စုစုပေါင်း(၁၂၆) စတင် ဖွင့်လှစ် သင်ကြား ပို့ချလျက် ရှိကြောင်းသိရသည်။
ကျောင်းများဖွင့်လှစ်နေမှုအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်ပညာရေးမှူး ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက မြို့ပေါ်ရှိ စာသင်ကျောင်းများအား လှည့်လည် စစ်ဆေး ကြည့်ရှုခဲ့ကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွန်ကြား ချက်များနှင့် အညီ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့ပြီး နှာခေါင်းစည်း(Mask) နှင့်လက်သန့်ဆေးရည်များကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ မောင်တောမြို့နယ် အတွင်း ယနေ့အချိန်ထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအပ်နှံသူ စုစုပေါင်း (၁၅၇၁၁)ဦး ရှိပြီး ဆက် လက်၍ ကျောင်းအပ်နှံသူများကို လက်ခံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးကြာစိန်အောင် ထံမှ သိရသည်။
သက်လွင်စိုး